Pages

Thursday, July 8, 2010

သူ့ နာမည် မခင်လေးကြည်


သူ့ နာမည် မခင်လေးကြည်



အ၀ိဇ္ဇူပနိသာ သင်္ခါရာ ၊ ( ပေ ) ဇာတူပနိသံ ဒုက္ခံ ၊ ဒုက္ခူပနိသာ သဒ္ဓါ ၊ သဒ္ဓူပနိသံ ပါမောဇ္ဇံ ၊ ပါမောဇ္ဇူပနိသာ ပီတိ ၊ ပီတူပနိသာ ပဿဒ္ဓိ ၊ ပဿဒ္ဓူပနိသံ သုခံ ၊ သုခူပနိသော သမာဓိ ၊ သမာဓူပနိ သံ ယထာဘူတဥာဏဒဿနံ ၊ ယထာဘူတဉာဏဒဿနူပနိသာ နိဗ္ဗိဒါ ၊ နိဗ္ဗိဒူပနိသော ၀ိရာဂေါ ၊ ၀ိရာဂူပနိသာ ၀ိမုတ္တိ ၊ ၀ိမုတ္တူပနိသံ ခယေ ဥာဏံ။


( နိဒါန၀ဂ္ဂ ပါဠိ သံယုတ်၊ )


....................................................................................................................


( ၁ )

မခင်လေးကြည်။ ။ ဟလို၊ ဘုန်းဘုန်းလားဘုရား။
ဘုန်းဘုန်း။ ။ ဟုတ်ပဗျာ။ ဘုန်းဘုန်းပါ။
( ဥရောပ ဆိုပေမယ့် မြန်မာသံ ကြားရတော့ အညာလေသံက မပျောက်)။
ကြည်။ ။ တင်ပါ့ ဘုရား။ တပည့်တော် အင်တာနက်က
ဘုန်းဘုန်း ဖုန်းနံပါတ်တွေ့ လို့ ဆက်လိုက်တာပါဘုရား။
ဘုန်း။ ။ အင်း ၊ ဟုတ်ပါပြီ။

ကြည်။ ။ ဒီလိုပါဘုရား။ တပည့်တော်မ ဘုရား တရားနဲ့  ဝေးတာ ကြာပြီ။ ၂ နှစ်ကျော်သွားပါပြီ ဘုရား။ ဗုဒ္ဓဘာသာ လို့  ပြောပေမယ့် သံဃာ က ဘယ်ရှာရမှန်းကို မသိဘူးဘုရား။ တပည့်တော်မှာ လည်း အလုပ်ပဲ လုပ်နေတာပါဘုရား။ ခု တပည့်တော် လျှောက်ထားချင်တာကတော့ တပည့်တော် ကျောင်းကို လာမလို့  ဘုရား။
( ဟုတ်မှာပဲ။ သူလို လူတွေလည်း အများကြီး ရှိပေမကိုး)

ဘုန်း။ ။ ရပါတယ်ဗျာ။ လာခဲ့ပေါ့။

ကြည်။ ။ ဒီလိုဖြစ်နေတာ ဘုရား ၊ တပည့်တော်မှာလေ ဝေဒနာ တွေ က ခံစားရနေလို့ ။
အဲဒါ ကြောင့်ပါဘုရား။

ဘုန်း။ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရပါတယ်။ လာသာ လာခဲ့ပါ။
ကြည်။ ။ ဒါပဲနော် ဘုရား။
ဘုန်း။ ဟုတ်ပါပီဗျာ။


( ဒီလိုနဲ့  ဘုန်းဘုန်း နှင့် မခင်လေးကြည်တို့  ဖုန်းစကား ပြောတာရပ်ခဲ့သည်။ )


( ၂ )

( ဒကာမ ပြောတဲ့ ရက် ဆွမ်းစားချိန်မှာ ကျောင်း ရောက်လာသည်။ အချိန်ပြောမထား။)
ဂျာမန်ဥူးဇင်း ။ ။ ကျောင်းထဲ ရောက်လာတော့ ဘယ်ကလာသလဲ ဒကာမ ။
ကြည်။ ။ မြန်မာပြည်ကလာတာပါ။
ဘုန်း။ ။ ကဲ ထိုင်ပါအုံးဗျာ။ ဘယ်နယ်က လာတာလဲ။
( မြန်မာမှန်းသိပြီး ဆိုတာနဲ့ ကိုယ်ကမေးတော့တာပေါ့)
ကြည်။ ။ အညာကပါ ဘုရား။
ဘုန်း။ ။အော် ...။ ဥူးဇင်းလည်း အညာကပဲ။
( သူက ဘုန်းဘုန်းလို့ ခေါ်နေပေမယ့် ကိုယ့်ကိုယ်ကို ဥူးဇင်းကလို့ ငယ်ပြီး ပြောလိုက်သေးတယ်။
ဆွေမျိုးက စပ်လိုက်သေး အညာချင်းပေါ့။ အညာ မဟုတ်ခဲ့လို့  မြန်မာဆိုရင် မြန်မာချင်းပေါ့။
တစ်မျိုးမျိုးနဲ့  ဆွေမျိုးတော်ရတာပဲ။ )။

ကြည်။ ။ ဘုန်းဘုန်း နေရ ထိုင်ရတာ အဆင်ပြေလားဘုရား။
ဘုန်း။ ။ ပြေပါတယ်ဗျာ။ ဒီလိုပဲပေါ့။
( သုံးနေကျ မြန်မာစကားက - ဒီလိုပဲပေါ့-တဲ့။)
ကြည်။ ။ တပည့်တော်ရောက်ကာစကလည်း ဒီမှာ နေရတာတစ်မျိုးပဲဘုရား။
ဘုန်း။ ။ အင်း။ ဟုတ်တာပေါ့။ ကဲ ဆွမ်းဆက်ဘုဉ်းလိုက်အုံးမယ်။
ပြီးတော့ ပြောတာပေါ့နော်။
ကြည်။ ။တင်ပါ့ ဘုရား။


( ၃)

ဘုန်း ။ ကဲ ဘုဉ်းလို့  ပြီးသွားပြီ။ ဒကာမတို့  စားကြအုံးလေ။
ကြည်။ ။ စားပြီးမှ ထွက်လာခဲ့တာ ဘုရား။
ဘုန်း။ ။ အဲဒါဆို တီးလေး ကော်ဖီလေး တစ်ခုခု သောက်ပါအုံးလား။
ကြည်။ ။ တီးသောက်ပါမယ် ဘုရား။
ဘုန်း။ ။ အင်း ၊ ဟုတ်ပြီ။

ကြည်။ ။ ဒီလိုပါဘုရား။ တပည့်တော်မှာ ရောဂါ ရှိနေတယ်ဘုရား။
အဲဒီ ရောဂါကလည်း ကင်ဆာ တဲ့ ဘုရား။ တပည့်တော် သေမှာ မကြောက်ပါဘူး ဘုရား။ တပည့်တော်မှာ သမီးလေး နှစ်ယောက်ရှိ တယ်။ အရွယ်ရောက်နေပြီ။ သူတို့ ကိုလည်း ဒီမှာ ခေါ်ချင်တယ်။ ပြီးတော့ တပည့်တော် တူလေးတွေ ကိုလည်း တပည့်တော်အမ ရှိစဉ်က ရှင်ပြုပေးဖို့  ပြောထားတာ ဘုရား။ ခု တပည့်တော်က ကျန်းမာ ရေး မကောင်းတော့ ၊ တပည့်တော်မှာ စိတ်ဆင်းရဲရပါတယ်ဘုရား။

ဘုန်း။ ။ ဒကာမ ရယ် ၊ စိတ်ဆင်းရဲနေလို့  မဖြစ်ဘူးလေ။ ကိုယ့်လုပ်စရာ ရှိတာ လုပ်မှပေါ့။

ကြည်။ ။ တင်ပါ။ တပည့်တော်ကလေ ဗုဒ္ဓဘာသာနိုင်ငံမဟုတ်တဲ့ နိုင်ငံမှာ ဘုန်းကြီးမရှိ ဘာမရှိနဲ့ သရဏဂုဏ် မတင်ဘဲ သေသွားရမှာ စိုးရိမ်တာပါဘုရား။ ခုတော့ ဘုန်းဘုန်း ရှိတယ်လို့  ကြားသိ တာနဲ့ ပဲ တစ်ခါတည်း လာခဲ့တာပါဘုရား။
( တကယ်တော့ သရဏဂုဏ် ဆိုတာ မသေခင် ကိုယ့်ဘာသာ ရွတ်ဆိုထားရင် ရပါတယ်လေ။ )


ဘုန်း။ ။ အင်း ၊ ဟုတ်ပီလေ။ ဒီလို ရှိတယ် ဒကာမလေး။ ဥူးဇင်း တရားနာဘူးတယ်။ ၀ါခင်းကုန်း ဆရာတော်ကြီး
ဟောထားတာပေါ့။ ဒကာတစ်ယောက်ပေါ့ဗျာ။ ဆီးသွားလို့ မရဘူး။ ဆီးမှာ ကျောက် တည်နေလို့ ။ ခွဲရမှာလည်း ဒကာက ကြောက်နေတယ်။ ဒါနဲ့  အဲဒီ ဆရာတော်ကြီးထံ ရောက်သွား တော့။ ဆရာတော်ကြီးက တရားထိုင်းခိုင်းတာ။ ဒကာကလည်း ဘုန်းကြီး ပြောတဲ့ အတိုင်း တရားထိုင် တော့ ဆီးထဲမှာ ကျောက်အမှုံ့ မွှားလေးတွေ ပါသွားပါလေရော။ ဒီလိုနဲ့  ပျောက်သွားတာပါပဲ။

ကြည်။ ။ တင်ပါဘုရား။ ဘယ်လို မှတ်ရမလဲ ဘုရား။ ထိုင်ပါ့မယ် ဘုရား။

ဘုန်း။ ။ အာနပါန ။ ၀င်လေ ထွက်လေ မှာ သတိလေးနဲ့  ရှုပါ ရှိုက်ပါ။ ဒီလိုလေးပေါ့နော်။
( အမူ အရာနဲ့ ပါ ရှုရှိုက်ပြလိုက်တယ်)။
ကြည်။ ။ အိမ်မှာကျရင် လုပ်ပါမယ်ဘုရား။

ဘုန်း။ ။ ဒကာမရယ် ပူတဲ့စိတ်က ကိုယ့်ကိုယ်မကယ်ပါဘူး။ ဒီအချိန်မှာ သားသမီး အတွက် ပူနေတာ။ တူလေး ရှင်ပြု ဖို့  ပူနေတာဟာ ဒကာမ ကို မကူညီနိုင်ပါဘူး။ မေတ္တာ စိတ်က သူတို့  ဆီ ရောက်သလို ဒကာမ အပူက သူတို့ ဆီ မဟပ်စေပါနဲ့ ။
ကြည်။ ။ တင်ပါ့ဘုရား။

ဘုန်း။ ။ ရောဂါရှိတဲ့သူတိုင်း လူတိုင်းမသေနိုင်ပါဘူး။ တရားထိုင်ပါ။ ယုံယုံကြည်ကြည်နဲ့  လုပ်ပါ။ အသက်ရှင် ခွင့် ရှိရင်ရှည်အုံးမှာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်လိုက်စမ်းပါ။

ကြည်။ ။ တပည့်တော်လည်း ကောင်းတာတွေတော့ လုပ်ခဲ့ပါတယ် ဘုရား။ ဒါပေမယ့် တပည့်တော် လုပ်ခဲ့တဲ့ လုပ်ငန်းက
သူများ သိအောင် လုပ်ခဲ့တဲ့ အလုပ်တွေ မဟုတ်ပါဘူး။ ဆင်းရဲ နွမ်းပါးတဲ့ သူ မစားနိုင်ရင် အစားအသောက်ပေးတယ်။ ဆေးမကုနိုင်တဲ့ သူကို ဆေးဖိုးဝါးခ ပေးလှူခဲ့တယ်။ တပည့် တော်မက တွေ့ တဲ့သူကို ကိုယ်တတ်နိုင်ရာ ကူညီခဲ့တာပါ။

ဘုန်း။ ။ အင်း ...ကောင်းတာပေါ့။ ကောင်းတာ လုပ်ထားတာပဲ။ ကောင်းတာ လုပ်ထားရင် ကောင်းတဲ့ ကံတွေက
ကိုယ့်ကိုယ် ပြန်စောင့်ရှောက်ပါလိမ့်မယ်။ ဒါက တရားတော်ပါပဲ။
ကြည်။ ။ တင်ပါ့ဘုရား။

ဘုန်း ။ ။ ဒကာမ ဥူးဇင်း နယ်တစ်နယ်မှာ နေတုံးက ဒကာမ တစ်ယောက်ရှိတယ်ဗျ။ အဲဒီဒကာမ ဆိုရင် အူမကြီး ကင်ဆာပဲ။ ပုံမှန်နေရာက ၀မ်းသွားတာ မဟုတ်ဘဲ အူတွေ ဖျက်ထုတ်ပစ်လိုက်လို့  ၊ ၀မ်းဗိုက်က သွားရတာ။ ခုထက်ထိ အသက်ရှင်သေးတယ်။ သူ မခွဲစိပ်ခင်က သူ့ ရဲ့  ဆံပင်တွေကို ဘုရားတစ်ဆူမှာ အဓိဋ္ဌာန် လုပ်ပြီး လှူခဲ့တယ်။ သူ့ နောက်မှ ဆရာဝန်တစ်ယောက် ရောဂါတူ ပဲ။ ခွဲလိုက်တာ။ လလောက်ပဲ ခံတယ်။ ဆိုလိုတာကဗျာ သေချင်ရောက်ရင် သေမှာ ပါ။ ကောင်းတာ လုပ်ထားသူက ကောင်းတဲ့ကံက ကယ်မှာပါ။

ကြည်။ ။ တင်ပါ ဘုရား။ ဘုန်းဘုန်း ဘုရား၊ ဒါနဲ့ ..ကျောင်းမှာ အလှူရှိတယ် ဆိုတယ် ကြားတယ်၊
ဘယ်နေ့ လဲဘုရား။ တပည့်တော် ခင်ပွန်းနဲ့  အတူ ကျောင်း
အလှူလာခဲ့ပါဦးမယ် ဘုရား။
ဘုန်း ။ အင်း ဟုတ်ပီလေ။ နေ့ စွဲက .........။ ကောင်းတာပေါ့။ လာခဲ့ပေါ့နော်။
( နယ်က ဝေးနေ၍ စကား လက်စသတ်ပြီး ပြန်သွားသည်)။

( ၄ )
( အလှူနေ့  ရောက်သော်... )
ကြည်။ ။ ဟဲလို ဘုန်းဘုန်း။
ဘုန်း။ ။ ဟလို ။ ဒကာမပြောလေ။
ကြည်။ ။ တပည့်တော်မ ခု ဘုန်းဘုန်းတို့  မြို့ ရောက်နေပြီဘုရား။
ဘုန်း။ ။ အင်း။ ဒါဆို လာခဲ့လေဗျာ။ လာတတ်တယ် မဟုတ်လား။
ကြည်။ ။ လာတတ်တယ် ဘုရား။ နောက်အဝေးက မရောက်ဘူးသူးသေးသူတွေကို စောင့်နေတာ။
ဘုန်း။ ။ အင်း။ ဟုတ်ပြီလေ။
ကြည်။ ဒါပဲနော်။
ဘုန်း။ ။ ဟုတ်ပီဗျာ။ တွေ့ မှ ပြောတာပေါ့။


( ၅ )

( ကျောင်း ရောက်တော့ နေ့ ဆွမ်းချိန်မှာ အလှူဒကာ ဒကာမများနဲ့ 
အလ္လာသလ္လာပပြောနေကြသည်။ နေ့ ဆွမ်း စား ပြီး သူတို့  လည်း
စားသောက်ပြီးချိန်မှာတော့ ဤကဲ့သို့  ပြောဖြစ်ခဲ့ကြသည်။)

ဧည့်သည်များ။ ။ ဘုန်းဘုန်း တပည့်တော်တို့ က အလှူပြီးသည့်ထိ မနေကြဘူး၊ ရထားက အကြာ ချည်း စီးရမှာ။ မပြန်ခင် တရား ချီးမြင့်ပေးပါဘုရား။
ဘုန်း။ ။ ဟုတ်ပီလေ။ တရားဟောတဲ့ ပုံစံတော့ မဟုတ်ဘူးပေါ့။ ဆွေးဆွေး နွေးနွေး ပြောကြသေး တာပေါ့။

( ကိုယ်က အဲသလို ပြောနေခိုက်မှာ ...)


ကြည်။ ။ ကျမ မှာ ကင်ဆာ ရောဂါ လို့  ဆရာဝန်က ပြောလို့ ။ ကျမ သေတော့မှာပဲ ဆိုပြီး ဘုန်းဘုန်း ဆီလာခဲ့တာ။ ခု ဒါက နောက်တစ်ခေါက်လေ။( ဧည့်သည်များကို ပြောပြနေတာပါ။)
ဒကာဦး။ ။ နင်တော်တာပေါ့ဟာ။ ရောဂါဖြစ်တဲ့ အချိန်မှာ ၊ ရတနာ သုံးပါးမမေ့လို့ ။ ဒါ ကောင်းတာပဲ။
နင် အမှတ်ရတဲ့ အချိန် ဥူးဇင်း နဲ့ လည်းတွေ့ ဆိုတော့။

ဘုန်း။ ။ ဒကာရေ ဥူးဇင်း လည်း ပြောလိုက်ပါတယ်။ တရားထိုင်ဖို့ ပေါ့။ ပြီးတော့ သေချင်းတရားက သူသေချင်ရင် သေမှာပါပဲ။ အင်တာနက် သတင်းတွေထဲမှာပေါ့နော်။ ကျောင်းသူလေး တစ် ယောက် တံတားပေါ်က ကျွံကျလို့ သေတာတဲ့။ ပြီးတော့ ဒေါပုံနဲ့ သာကေတ ကြားမှာ သစ်တုံး ကား ကြီး စောင်းပြီး ကားလေးပေါ်ပိလို့ လူတွေ သေပြန်ရော။
( ပြီးတော့ က ပြီးမှာ မဟုတ်တော့ သူများ ပြောတာ စောင့်နားထောင်လိုက်အုံးမှပဲ...။)

ဒကာဦး။ ။ တင်ပ။ ဟုတ်တယ်ဘုရား။ တပည့်တော် မိတ္ထီလာမှာ နေစဉ်ကပေါ့ ။ လမ်းဘေးမှာ နေတဲ့ အိမ်တစ်အိမ်မှာ မိသားစု စကားပြောနေတာ။ အိမ်က လမ်းအောက်ချိုင့်ထဲမှာပေါ့။ အဲဒီ အိမ်ပေါ် ကားပြုတ်ကျလို့  မိသားစု ပွဲချင်းပီးပဲ။

ဘုန်း။ ။ ဟုတ်တယ်ဗျာ။ သာကေတမှာ နေတုံးကလည်း ကားလမ်းဘေး လမ်းလျှောက်နေရင်းက ကားဝက်အူ ပြုတ်ပြီး ကောင်လေး တစ်ယောက်ကို မှန်လိုက်တာ။ မတ်တတ်ရပ် သေသွားသတဲ့။ တစ်ခါတုံးကလည်း မိသားစု ကိုယ်ပိုင် ကားလေးနဲ့ ခရီးထွက်တာ သူတို့ လာချိန်မှာ ကားမိုးပေါ် သစ်ပင်ပိလို့ သေသတဲ့။
ဧည့်သည်များ ။ ။ တင်ပဘုရား။

( အဲသလိုနဲ့  သေချင်းတရားတွေ အမျိုးမျိုး သေနိုင်တဲ့ မရဏဿတိဘာဝနာကို ပြောပြီး နောက်မှာ တော့ ကန္နီနည်း တရားထိုင်ပုံကို မိတ်ဆက်ပြောပြခဲ့သည်။ )


( ၆ )

ဘုန်း။ ။ ဟလို ဒကာမ ကြည်။ နေကောင်းလား။

ကြည်။ ။ တင်ပ ဘုရား။
ဘုန်း။ ။ ခု အလုပ်မှာလား။
ကြည် ။ ပြီးသွားပြီဘုရား။ တပည့်တော် ကားကြိုတာကို စောင့်နေတာ။
ဘုန်း။ ။ ခု ဥူးဇင်း အဲဒီကို မနက်ဖန် လာမလို့ ။
ကြည်။ ။ ဘယ်ချိန်လဲ ဘုန်းဘုန်း။
ဘုန်း။ ။ ....နာရီ။
ကြည်။ ။ အလုပ်ချိန် ဖြစ်နေတယ်ဘုရား။
ဘုန်း။ ။ ဟုတ်ပြီလေ။ ခု အဲဒီသက်သက်လာမှာ မဟုတ်ဘူးလေ။ ရထားအဲဒီက ပြောင်းစီးမှာမို့ ကြုံ တာနဲ့  ပြောလိုက်တာပါ။
ပြီးတော့ ဒကာမ နေတဲ့  နေရာမှာ မြန်မာ ဒကာမ ရဲ့  ဖုန်းနံပါတ်ပေးမလို့ လေ။
( တစ်နေ့ က သူက တောင်းထားတဲ့ ဖုန်းနံပါတ်ပါ။)

ကြည်။ ။ တင်ပ ဘုရား။
ဘုန်း။ ။ ကဲ...လိုက်ရေးမလား။ စာရွက်ပါလား။
ကြည်။ တင်ပ။ ရေးမယ်ဘုရား။ ပြောပါဘုရား။
ဘုန်း။ ။ ပလာ ပလာ ပလာ.....။
ကြည်။ တင်ပကျေးဇူးပါဘဲဘုရား။ ဘုန်းဘုန်း တပည့်တော် ရောဂါ ပြန်စစ်တာ ။
ကင်ဆာ မဟုတ်ဘူး တဲ့။

ဘုန်း။ ။ ပြောသားပဲ။ တရားကို ယုံကြည်စွာ လုပ်ပါလို့ ။ ခု ကြည့်ပါ့လား။
ကြည်။ ။ တပည့်တော် အတော်လေး ၀မ်းသာ သွားတယ်ဘုရား။
ဘုန်း။ ။ အေးပေါ့။ ၀မ်းသာစရာပဲပေါ့။ အဲဒါပဲ မမေ့နဲ့ ။ ရတနာသုံးပါးကို။ သတိပေးတာဗျ။
ကြည်။ တင်ပဘုရား။ တပည့်တော် မမေ့ပါဘူးဘုရား။ သတိပေးတာလို့ ပဲ အောက်မေ့ပါတယ်။
ဘုန်း။ တရားထိုင်ပေါ့ဗျာ။
ကြည်။ တင်ပ။ ထိုင်ပါမယ်ဘုရား။
ဘုန်း။ ကဲ ဒါပဲနော်။ ဖုန်းနံပါတ်ကို ဆက်ကြည့်လိုက်အုံးနော်။
ကြည်။ ဆက်လိုက်ပါမယ်ဘုရား။ ကိုယ့်မြန်မာအချင်းချင်းဆိုတော့ ရိုင်းပင်း ကူညီလို့ ရတာပေါ့နော်။
ဘုန်း။ ဟုတ်တယ်။ ဒါပဲနော်။


.......................................................................................................................


သင်္ခါရသည် အ၀ိဇ္ဇာကြောင့် ဖြစ်ရ၏။ ( ၀ါ )အ၀ိဇ္ဇာလျင် အားကြီးသော မှီရာအကြောင်းရှိ၏။

( ပေယျာလ၊ ချန်လှပ်ထားခဲ့သည်။)

ဒုက္ခသည် ဇာတိ ရှိသောကြောင့် ဖြစ်ရ၏။

ရတနာ သုံးပါး ယုံကြည်မှု သဒ္ဓါ သည် ဒုက္ခခံစားရသောကြောင့် ဖြစ်ရ၏။....

ထိုယုံကြည်မှုကို အခြေခံကာ ပါမောဇ္ဇ - ၀မ်းမြောက်မှုဖြစ်ရ၏

နှစ်သက်မှု ပီတိ ၊ ငြိမ်းအေးခြင်း- ပဿဒ္ဓိ ၊ ကိုယ်စိတ်ချမ်းသားခြင်း- သုခ ၊
တည်ကြည်မှု- သမာဓိ ၊ အမှန်ကို အမှန်တိုင်းသိခြင်းဥာဏ် - ယထာဘူတဥာဏဒဿန ၊
ဘ၀ကို ငြီးငွေ့ ခြင်း- နိဗ္ဗိဒါ ၊ ဘ၀မှာ မတပ်မက်ခြင်း- ၀ိရာဂ၊ လွတ်မြောက်ခြင်း - ၀ိမုတ္တိ ၊
အာသဝေါတရား ကုန်ကြောင်းဥာဏ်- ခယေ ဥာဏ တို့ သည် ( အထက်ပါအတိုင်း )
အဆင့်ဆင့် အကြောင်းနဲ့  အကျိုး ဆက်စပ်သွားပါတော့၏။
.................................................................................................................


မခင်လေးကြည် ဆိုသူကား သူ့ နာမည် အရင်း မဟုတ်ပါ။

သူမပြုလုပ်ခဲ့တဲ့ ကုသိုလ်လုပ်ငန်းများဟာ ကြည်ကြည်လင် စိတ်ထားဖြင့်ပြုလုပ်ခဲ့မှု၊

သူမ၏ ကျန်းမာရေး မကောင်းသခိုက် သူ့ မရဲ့  အမြင်ကြည်လင်မှု။
သူမရဲ့  ရတနာသုံးပါး ယုံကြည်မှုဆိုတဲ့

ကြည်များစွာ ရှိသူမို့ 

သူ့ နာမည် မခင်လေးကြည် လို့  ပေးလိုက်ပါတော့တယ်။


အမျိုးသမီးတိုင်း မခင်လေးကြည် ၊ အမျိုးသားတိုင်း မောင်ကြည်ခင် ဆိုတဲ့ နာမည် များ အခေါ်ခံရသူ ဖြစ်နိုင်အောင် လုပ်ငန်းဆောင်တာများ ၊ စိတ်ထားများ အမြင်များ ကြည်လင် ကြပါစေသောဝ်-


မှတ်ချက်။ ။ ( ၀၈ ၊ ၀၇ ၊ ၂၀၁၀ ) ဒီနေ့  ဖုန်းဆက်လို့ မခင်လေးကြည် ပြောပြလို့ 
သူမရဲ့ ပျော်ရွှင်မှု နဲ့
အတူ တရားတော်ရဲ့  အစွမ်း သတ္တိ ရှိပုံကို ဖေါ်ပြခြင်းပါ။

အကယ်၍များ ဆရာဝန်ဟာ ကင်ဆာလို့  တစ်သတ်မှတ်တည်း သတ်မှတ်ပြီး ကင်ဆာဆေး မှားထိုးမိလျင် မခင်လေးကြည် ခမျာ သူ လုပ်ချင်တဲ့ ကုသိုလ်များ ဆက်လက် လုပ်ဖို့ လမ်းမမြင်နိုင် ဘူး။ ခုတော့ ကုသိုလ်သက်တွေ ရှည်ရပြီပေါ့။

ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ- တရားပြုကျင့်လျင် တရားက စောင့်ရှောက်ကြောင်း ပါ။


မြတ်ရောင်နီ
( ၀၉ ၊ ၀၇ ၊ ၂၀၁၀ )


1 comment:

  1. စာလာဖတ်ရင်းမှတ်သားစရာများ ယူသွားပါတယ်။
    ကျေးဗူးတင်ပါတယ်ဘုရား။

    ReplyDelete