Pages

Thursday, July 15, 2010

အထီးလား အမလား



အထီးလား အမလား


ဘုန်းဘုန်းဘုရား--

တပည့်တော်ရဲ့ အတွေ့အကြုံလေးတွေကိုလျှောက်ထားခွင့်ပြုပါဘုရား--

၁။ မကြာခင်က မြန်မာတွေရဲ့စကားဝိုင်းတစ်ခုမှာ-- နိုင်ငံခြားမှာ ငါးပါးသီလပေးတတ်ရုံနဲ့ ပရိတ်ကြီး ၃-သုတ်လောက်ရရင် ဘုန်းကြီးကျောင်းထောင်လို့ ရပါပြီ-ဆိုတဲ့ စကားတစ်ခွန်းကြားရတော့ တကယ် သာသနာပြုနေတဲ့ သံဃာတော်တွေထိခိုက်တဲ့စကားမို့ သံဝေဂရမိတာရယ်။

၂။--ဘုန်းကြီးတစ်ပါးရဲ့ blog မှာတရားဆောင်းပါး၊တရားဟောတရားပြဓာတ်ပုံလဲမပါဘူး၊ ဆွမ်းစား ကွမ်းစားမှာ လှူဖွယ်ပစ္စည်းဝတ္ထု အလှူခံတဲ့ ပုံ တွေချည်းပဲတွေ့ရတယ်ဆိုတဲ့ စကား ကြားရတာရယ် ။

( တပည့်တော်ရဲ့ စာထဲမှာ-အလှူခံတဲ့ပုံတွေကိုတော့
မဖြစ်မနေမှထည့်နော်ဘုရား--လို့ပါပါတယ်ဘုရား)။


၃။-- ဇွန်လ၂၂-ရက် နေ့ ဒယ်အိုးဆရာတော်ရဲ့ မွေးနေ့ သံဃသြ၀ါဒခံယူပွဲ နှင့် သံဃာ့ပူဇော်ပွဲ မှာ မြန်မာနိုင်ငံရှိ ဓမ္မကထိကဆရာတော်များအား ဆရာတော်ကြီးတစ်ပါးက သြ၀ါဒပေးရာမှာ-- အရှင်ဘုရားတို့က- ဟိုဆရာတော်နည်း ဒီဆရာ့နည်းနဲ့ ဘုရားနည်းကိုမရှိတော့ဘူး ဆိုတဲ့သြ၀ါဒရယ်

၎။--တပည့်တော် စင်္ကာပူရီယန်း မဟာယာနဘုန်းကြီးတစ်ပါးနဲ့ တရားထိုင်နည်းတွေပြောဖြစ်တဲ့အခါ တပည်တော်က မဟာစည်နည်းကို အသားပေးပြီးပြောဖြစ်ပါတယ်၊ သူလဲမဟာစည်နည်းကို လည်း လေ့ လာ လိုက်စားဘူးပါတယ်၊ ဒါပေမဲ့ အရှင်ကခုဘယ်နည်းနဲ့အားထုတ်ပြီး ဘယ်နည်းနဲ့တရားပြနေ ပါသလဲလို့ သူ့ကိုမေးတဲ့အခါမှာ--မဟာသတိပဌာနသုတ်တော်အတိုင်းပဲလို့ပြောလိုက်တော့ တပည့် တော် အောင့်သက်သက်ခံစားမိလို့ရယ်--

ဒီအတွေ့အကြုံလေးတွေကိုအခြေခံပြီး ဘုန်းဘုန်းရဲ့ သာသနာပြုလုပ်ငန်းတွေကိုကြည်ညိုစိတ်နဲ့ Cbox ထဲမှာ လျှာရှည်မိတာပါဘုရား။ မုဒိတာပွါးလျှက်ပါဘုရား၊ တပည့်တော် မှားလျှင်သည်း ခံ ခွင့်လွှတ်တော်မူပါဘုရား။

ဆထက်တံပိုးသာသနာပြုနိုင်ပါစေ--
တပည့်တော်
ဒကာ


အဲဒါပဲ ။ သူရဲ့ လျှောက်ထား ချက်ကတော့ ။ ကိုယ်ကလည်း တိုးတိုးတိတ်တော့ ဖြေထားပြီးပြီ။ ဘယ်လိုများဖြေထားမယ် ထင်ကြပါသလဲ။ ကူဖြေပေးလိုက ကူဖြေပေးနိုင်ကြပါတယ်။

သူကတော့ နာမည်နှင့်တကွ ပြောပါတယ်။ နာမည်ထည့်ရန်လည်း မသင့်လျှော်တာနဲ့  ချန်လှပ် ထားပါ တယ်။ သို့ သော် သူ့ နာမည်ကတော့ ပုံမှန် လူနာမည် ရိုးရိုးပဲ။

အီးမေးလ်ကတော့ ပုံမှန် လူသား မဟုတ်သလိုလို ခံစားမိတယ်။ မြန်မာဘုန်းကြီးက မဖတ်တတ် ဖြစ်နေတယ်။ သူကိုယ့်သူလည်း မိတ်ဆက်လိုစိတ် ရှိဟန်မတူ။ ဘယ်မှာနေလို့  ဘယ်သူ ဆိုတာ အတိကျ မသိ ဖြစ်နေပါတယ်။ ကိုယ်ကလည်း သူ့ ကို မမေးလို့ လေလားလည်း မသိဘူးလေ။

ကိုယ့်အနေနဲ့ ကတော့ သိလိုတဲ့ သူကို ရှင်းပြဖို့ တာဝန်ရှိတယ် ထင်မြင်တာနဲ့ ရှင်းပြပါတယ်။

ဘုန်းကြီး တစ်ပါးအနေနဲ့ လည်း ကိုယ့်ကို ကောင်းရာ ကောင်းကြောင်း ညွန်ကြား လျှောက်ထား လာရင် လက်ခံသင့်တဲ့ အရာကို လက်ခံရမှာ ဖြစ်ပါတယ်။

မိတ်ဆက်စေလိုခြင်းမှာ ဒီလောက် သာသနာပြုစိတ် ပြင်းပြနေပါလျင် သာသနာ ရေးရာ အကြောင်းများ ပွင့်ပွင့် လင်းလင်း ဒါ့ထက်မက ပြောနိုင်ရေးပင် အဓိက ဖြစ်ပါတယ်။

မိတ်မဆက်လည်း မေတ္တာ ဆက်မည်သာ။

မေးလိုက မေးနိုင်ပါတယ်။
ပြောစရာရှိပါက ပြောဆိုနိုင် ပါ တယ်။

အော် ... ခုတော့ ကိုယ့်စီးတဲ့မြင်း အထီးလား အမလား - မသိပဲ
စီးသာ စီးလိုက်သလိုမျိုး ဖြစ်ပါတော့တယ်။




မှတ်ချက်။ ။ဆောင်းပါးအထူးမဟုတ်ပါ။


သူလိုပဲ အတွေးတွေ ရှိကြပေလိမ့်မယ်။ ဘုန်းကြီးများအပေါ် မပြောဝံ့ ၊
မပြောသင့်လို့  ယူဆလို့ သာ မပြောခြင်း လို့ ထင်မိပါတယ်။
အမြင်တွေ အထင်တွေ ပြောရေး ဆိုခွင့်ရှိပါတယ်။
မြင်တိုင်း ထင်တိုင်း မပြောသင့်တာကိုလည်း သတိချပ်သင့်တယ်။

ကိုယ့်ကိုယ်ကို အဓိက ဘုရားအလိုတော်ကျ တရားနဲ့ နေသင့်ပါတယ်။
အဲလိုမှ မဟုတ်ရင် သူများကို ပြောစရာ ဆိုစရာတွေက
တသီတန်းချည်း မကုန်နိုင်အောင် တွေ့ နိုင်ပါတယ်။

ပြောစရာ ဆိုစရာ အမြင်မတော်ရာတွေ့ ရင်
စိတ်ကောင်းလေးနဲ့ ကောင်းရာကို ဦးတည်ပြီး ပြော၊
အမြင်တော်တာတွေ့ လို့  ချီးမွမ်းစရာ ရှိရင်လည်း
စိတ်ကောင်းလေးနဲ့  ကောင်းရာကို ဦးတည်ပြီးပြောရပါမယ်။

( ဆိုလိုတာက - ဗလိုင်းချည်း သူတစ်ပါးကို ပုတ်ခတ်ခြင်းရှောင်၊
မြှောက်ပင့်ခြင်း ရှောင် ဖို့ ကို ပြောတာပါ။ )

အဲသလို မျိုး စိတ်ကောင်းလေးနဲ့ ပြောဆိုပါက
ကဲ့ရဲ့ ထိုက်သူကို ကဲ့ရဲ့  ၊ ချီးမွမ်းထိုက်သူက ချီးမွမ်း
ဘုရားတရားတော်အတိုင်း ဖြစ်ပါကြောင်း
မှတ်ချက် မှ သင်ခန်းစာ အနေနဲ့ ပြောလိုက်ပါရစေ။


( ဒကာကြီး....ဒကာကြီးလည်း ကောင်းမယ်လို့ ထင်တာ ပြောသလို
ဥူးဇင်း ကောင်းမယ်ထင်လို့  ပို့ စ် အနေ ရေးတင်လိုက်ပါတယ်။)

မြတ်ရောင်နီ
( ၁၆ ၊ ၀၇ ၊ ၂၀၁၀ )

No comments:

Post a Comment