Pages

Monday, March 1, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၁ အပိုင်း (ခ)


မာဃ ပူဇာ

အပိုင်း( ခ)


ဖေဖေါ်ဝါရီ ( ၂၈ ) တပေါင်းလပြည့်ကျော် ( ၁) ရက် နေ့ မှာ မာဃ ပူဇာ ဆိုပြီး ပွဲတော် အသေးစား ကျင်းပ ခဲ့ပါတယ် ဆိုတာကို အပိုင်း(က)မှာ ရေးခဲ့ပါတယ်။
ဘလော့ဂ်တွေ ဟိုဖတ်ဒီဖတ် ဖတ်ရင်း နဲ့  ဒီနေ့ ဟာ သီရိလင်္ကာ နိုင်ငံမှာ နဗန် ပေါဟယာ ဒေးတဲ့။ အိန္ဒိယ ဘလော့ဂ်တွေကို ဖတ်ပြန်တော့ ကုလားသင်္ကြန်ဆိုပဲ။ ပုံတွေကြည့်ရတာကတော့ ဆေးရောင် စုံမျက်နှာတွေ ရေပတ်တာမဟုတ်ဘဲ ဆေးတွေနဲ့  လိုက်သုတ်ကြတာပေါ့။ ဟိုလီး ဒေးပါတဲ့။ Happy Holy ဆိုဘဲ။ ဒါက ကိုယ်နဲ့  ရင်းနီးတဲ့ ဘလော့တွေက ပြောပြတာ။

(အစုံလင် သိလိုပါ က သာမဏေကျော်၊ ဓမ္မဂင်္ဂါ ၊ မစ္စတာပါရဂူ၊ မော်ကွန်းသစ် ၊ ကိုနော-ဘလော့ဂ် များကို ကြည့်ကြပါ။)

ထိုင်းမှာတော့ မက္ခပူဂျာ တဲ့။ ထိုင်းတွေက မပီကလား ပီကလား။ အဟဲ- မြန်မာအနေနဲ့  ကြည့်ရင်ပေါ့။ သူတို့ အသံနဲ့  သူတို့ ကတော့ ပီမှာပါ ။ မှန်မှာပါ။ ဒီမှာတော့ ပါဠိကို အမှန်တိုင်း ဖြစ်စေ ချင်တာနဲ့  မာဃ ပူဇာ ဆိုပြီး လူများနားလည်အောင်မာဃ ဆိုတာ လရဲ့  အမည် ဖြစ်ကြောင်း ဆိုတာ ရယ် သံဃ နဲ့  ဆိုင်တဲ့ စပ်မိ စပ် အကြောင်းတွေကို နေ့ လည် ၁ နာရီမှာ ကိုယ်က ဟောခဲ့ပါတယ်။

ပထမဦးဆုံး အနေနဲ့  နမော တဿ သုံးကြိမ် ရွတ်ပြီး ကိုယ်ပြောမည့် အကြောင်းရာ မပြောခင် စတင်ခဲ့ပါတယ်။ အဲ နိဗ္ဗာန် ရောက်ကြောင်း တရားတော့ တိုက်ရိုက်ကြီး ဟုတ်မယ် မထင်ဘူး။ သိသင့် သိထိုက်တာတွေကို ပြောပြတာ။ ပြောပြတာကတော့ ဘုရားဟောကျမ်း ဂန်ထဲကပါ။ ဆိုလိုတာက ရုပ်နာမ်တွေ လက္ခဏာရေး သုံးပါးဆိုတာမျိုး ပြောတာက ခပ်နဲနဲပါးပါးလေး ပါတာလေ။ ဓမ္မ ဗဟုသုတ ဖြစ်စေချင်လို့ ပါပဲ။

ဒီကလူ အတော်များများကလည်း ဗုဒ္ဓဘာသာနဲ့  ပါတ်သက်လာလျင် တရား အကြောင်းရာသာ ဖတ်ဖူးချင်ဖတ်ဖူးကြလိမ့်မယ်။ တကယ် အခြေခံကြတဲ့ အသေးစိပ်တွေကိုတော့ ကိုယ်နဲ့ အတူ မြန်မာ ဘုန်းတော်ကြီးများသိသလို။ ဒါ့ထက်ပြောရရင်တော့ မြန်မာကိုရင်လေးများ သိသလို သိကြမှာ မဟုတ်ပါဘူး။ မသိကြသေးတာများပါတယ်- လို့  ယူဆမိပါတယ်။

ကိုယ်ပြောတာလည်း မြန်မာ သံဃာတော်များ အဖို့  မထူးဆန်းတဲ့ အကြောင်းတွေ လို့ နားလည် ပါတယ်။ ခု ရေးပြတာကလည်း တစ်ချို့  စာဖတ် ပရိသတ်များ လူပရိသတ်ပါနေတယ်။ အဲဒီ အထဲမှာ ဒီကလူတွေ လို ဖြစ်နေမှာ စိုးတာရယ် ၊ ကိုယ် အတွေ့ ကြုံ ပြောပြချင်တာရယ်ကြောင့် စာတစ်တန် ပေတစ်တန် သိစေလိုက်တာပါ။ ရေးပြလိုက်တာပေါ့။

နမော တဿကို လူများ နှင့် အတူ သုံးကြိမ် ရွတ်ပြီးတော့။ ဒီနေ့  အဓိက ပြောမှာ က သံဃာ နဲ့ ဆိုင်ရာကို ပြောမယ် ဆိုတာကို စကားပလ္လင် အနေနဲ့  စပြီး ပြောလိုက်ပါတယ်။ ပြီးတော့မှ ဒီနေ့  ပါဠိ လို လ- အားဖြင့် မာဃ မာသ ပါ။ အဲဒီ လ ကို အစွဲ ပြုပြီး သြ၀ါဒ ပါတိမောက္ခဒေး ၊ မာဃ ပူဇာ ဆိုပြီး ကျင်းပတာပါ။

သံဃ ဆိုတာ community ပါ၊ အပေါင်း ၊ စုပေါင်းထားတာကို သံဃ လို့  ခေါ်ပါတယ်။
ဘိက္ခု သံဃ ဆိုရင် ရဟန်းအပေါင်း ၊ ရဟန်း အများပေါ့။ အဲ - သကုဏ သံဃ ဆိုရင် ငှက်အပေါင်း ငှက်အုပ်။ တိရစ္ဆာန သံဃ ဆိုရင် တိရစ္ဆာန် အပေါင်း ဆိုတာ ကို ရှင်းလင်း ပြောပြခဲ့တယ်။

အဲလိုလေး ပြောလိုက်တာနဲ့  သူတို့  က မေးခွန်းလေး တက်လာတယ်ဗျ။ သူတို့ က လည်း သူတို့ ကိုယ်ကို ဥပါသက ဥပါသိကာ ဆိုတာကို သိထားတာကိုး။ ဒီလိုဆိုရင်တဲ့ ဥပါသက သံဃ ၊ ဥပါသိကာ သံဃ လို့  ပြောရင် ရမလားတဲ့။

အင်း ...ရပါတယ်။ တိရစ္ဆာန သံဃ၊ သကုဏ သံဃလို့  တောင် ပြောလို့ ရသေးတာ။ ဒါပေမယ့် ပါဠိမှာ တော့ သိပ်မတွေ့ ရဘူးလို့  ပြောလိုက်တယ်။ သံဃ ဆိုတာ Group ပါဘဲဗျာ။ ထပ် ပြောလိုက်သေးတယ် ။ ဥပါသက သံဃ ဖြစ်ဖြစ်၊ ဥပါသိကာ သံဃဖြစ်ဖြစ် ပြောရင်လည်း ပြောပါ။ မမှား ပါဘူးပေါ့။

အဲဒါပဲဗျာ။ သူတို့ ကို ကိုယ်က any question လို့  တောင် မမေးရသေးဘူး ၊ ရှင်းပြတုန်းလေး ရှိသေး။ မေးပါလေရော။ ခက်တဲ့ မေးခွန်းတော့ မဟုတ်ပါဘူး။ မြန်မာ ကိုရင်လေးများတောင် မြန်မာ လို မေးရင်တော့ ဖြေတတ်ကြမည့် မေးခွန်းပါ။ language နဲ့  နိုင်ငံခြားသားကြီး ဆိုတဲ့ အတွေးဝင် တာနဲ့  ကျက်ပြီးသား စာ ပျောက်ချင် ပျောက်သွားမှာပါ။

ဘိက္ခု သံဃ လို့  ဆိုပေမယ့် ရဟန်းကို ရည်ညွန်းတဲ့ အခြား အသုံးနှုန်းလည်း ရှိပါသေးတယ်။ ဘိက္ခု ၊ သမဏ ၊ ပဗ္ဗဇ္ဇာ ၊ ဗြာဟ္မဏ စတာတွေပေါ့။

ဘိက္ခု ဆိုတာကတော့ - ဘိက္ခတိ ယာစတီတိ ဘိက္ခု- တဲ့။( လေးစားမှု အထင်ကြီးမှု ၊ လူရိုသေ ရှင်ရိုသေ ရှိအောင် ပါဠိက ရွတ်ပြရသေး။ အော်-မြန်မာပြည် ဒူးပွန်း တတောင်ပွန်း၊ ပွန်းပွန်းပဲ့ပဲ့ ကြိုးစား သင်ထားခဲ့တဲ့ ပညာ ။ ဒီနေရာမျိုး သုံးရမှာပေါ့လေ။)

ပြီးမှ ရှင်းပြခဲ့တာ။ တောင်းတတ်လို့  ရဟန်းတဲ့။ အရိယာ နည်းအားဖြင့် တောင်းတာပေါ့။ (ပါးစပ်) နှုတ်ကလည်း ပေးပါလို့  မပြော၊ မပြောကောင်း။ နှုတ်နဲ့  တောင်းက ၀ိနည်းနဲ့ မညီ။ ပြောဖို့ ပင့်ဖိတ်ထားရင် တမျိုးပေါ့။ ရပ်ခြင်းမျှ ရပ်ပြီး အစာရှာ တောင်းတာ၊ လိုအပ်ရာရာတောင်းတာ ပေါ့။

အဲလို ဒဲ့ပြောမှ ရှင်းတော့တာ။ ဂျာမန်လူမျိုးတွေက ကွေ့ ပတ်ပြောနေရင် အချိန်ကုန် ကိုယ်ပဲ ပင်ပန်းပါမယ်။ ပြောလိုရာ ဒီလို ပြောလိုက်ခြင်းသာ သူတို့  နားနဲ့  အံဝင်ခွင်ကြဖြစ်တယ် ဆိုတာ အတွေ့ ကြုံက စကားပြော သွားတယ်။

နောက်တစ်မျိုးကိုလည်း ရှင်းပြရသေးတယ်။ မပြောရင်လည်း မပြည့်စုံ သာမက ရဟန်းဆိုတာ တောင်းလို့ ရဟန်းတဲ့ ဘဲ ဖြစ်သွားမယ်။ နောက်တစ်မျိုးက – သံသာရေ ဘယံ ဣက္ခတီတိ ဘိက္ခု။ သံသရာ ကို အန္တရာယ်ကောင် အဖြစ် မြင်အောင် ရှုတတ်ကြ၊ ရှုနေကြလို့  ဘိက္ခု ခေါ်ကြောင်းကို လည်း ထပ်ပြီး ရှင်းပြခဲ့ပါတယ်။ အဲဒီ တော့ မှ ပိုပြီး သူတို့ လည်း လင်းသွားကြတာပေါ့။

အဲဒီနောက် ပါရာဇိက ပါဠိတော်လာ ဘိက္ခု အဖွင့်ထဲကနေပြီး သုံးမျိုးကိုသာ ရှင်းပြခဲ့တယ်။ (၁)မြတ်စွာဘုရား သက်တော် ထင်ရှား ရှိစဉ်က ရဟန်းတော် မဖြစ်သေးတဲ့ ဒကာများ၊ တရား တော် ကို သဘောပေါက်ပြီးလျင် သူတို့  ဆန္ဒအလျောက် ရဟန်းပြုခွင့်တောင်းလာတဲ့အခါ မြတ်စွာဘုရား က ဧဟိ ဘိက္ခု -ရဟန်း လာလော့ ဆိုလိုက်ရုံနဲ့  ဒကာ အသွင်ပျောက် ပြီး ၀ါတော် (၆၀)ရ ရဟန်း အသွင် ရင့်ကျက်တဲ့ အမူရာနဲ့  ရဟန်း အဖြစ် ရောက်ရှိသွားတယ်။

အဲ သူတို့  ကိုတော့ အဲဒီလိုချည်း ၀ါတော် (၆၀) မထေရ်ပမာ မပြောခဲ့ဘူး။ ဘုရားက ဧဟိ ဘိက္ခု-
Come monk ! လောက်ပဲ ပြောလိုက်တာနဲ့ ရဟန်းဖြစ် ခွင့်ရှိတယ်။ ဖြစ်သွားတယ်လို့  ပြောလိုက်တာ ပါ။ ၀ါတော် (၆၀) တွေသာ ထည့်ပြောလိုက်ရင် ပို ရှုပ်မကုန်စိုးလို့ ပါ။ ဒါက အဋ္ဌကထာ အဖွင့်ကျမ်းက ပြောတဲ့စကားပါ။ ဧဟိ ဘိက္ခု ဆိုတာလည်း ပရိက္ခရာ လှူဖူးမှ မြတ်စွာဘုရားက အဲလို ခေါ်ကြောင်း ဖတ်ဖူးမှတ်ဖူးပါတယ်။

တရားနာပရိသတ်တွေ များပြီး အသိတရား ပေါက်သူတွေ ဖြစ်သွားကြတဲ့ အခါ ဧထ ဘိက္ခဝေါ- လို့  ဘုရားရှင်က ခေါ်တာနဲ့  ရဟန်းဖြစ်သွားကြတာ ဖြစ်ပါတယ်။ လူအများမို လို့  ဧထ ဘိက္ခဝေါ- ဘိက္ခု တို့  လာကြကုန်လော -ဆိုတာနဲ့  အားလုံး ရဟန်း ဖြစ်သွားကြကြောင်း လုံးစေ့ ပတ်စေ့ ရှင်းပြခဲ့ ရပါ တယ်။

အဲဒီနောက် (၂) သရဏဂုဏ် သုံးပါး ဖစ်တဲ့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ- ဆိုရုံလေးနဲ့  လည်း သာသနာ ပေါ်ဦးစမှာ ရဟန်း ဖြစ်နိုင်တယ် ။ ဖြစ်တာတွေ ရှိခဲ့တာကို ပြောပြခဲ့တယ်။

(၃)ဉတ္တိ စတုတ္ထ ကမ္မ နဲ့  ရဟန်းဖြစ်ရတဲ့ ရဟန်း အကြောင်းကိုလည်း ဆက်လက်ရှင်းပြခဲ့တယ်။ အဲဒါကတော့ ခုခေတ် ရဟန်းတော်များ ရဟန်းဖြစ်နေကြတဲ့ ဖေါ်မြူလာပါ။ အဲဒါနဲ့  ပါတ်သက်လို့  တော်တော်လေး သိသင့်သိထိုက်တဲ့ အကြောင်းတွေကို ရှင်းပြလိုက်ပါတယ်။ ဥပသမ္ပဒါ ၀ိဓိ - ၀ိနည်း မဟာဝါ ပါဠိ အတိုင်းလိုအပ်တာလေးတွေ ပြောဖြစ်ခဲ့တာပါ။

ကဲ များသွားလိမ့်မယ် ။ အပိုင်း (ဂ ) ဆက်ရေးမယ်နော်။
စောင့်မျှော် ရှုစား၊ အားပေး ဖတ်ရှုကြလေကုန်

မြတ်ရောင်နီ
(၀၂၊၀၃၊၂၀၁၀)

1 comment:

  1. တစ်ခါတစ်ရံမှာ သဘာဝကျအောင် ရှင်းပြလွန်းရင်လည်း စာအုပ်ကြီးတွေထမ်းလာတဲ့လူတွေနဲ့တိုးတတ်သပေါ့လေ။
    ဝေဘန်ပိုင်းခြားရေးဝါဒီများပင်လျှင် စာအုပ်ကိုတော့ အထိအပါးမခံတတ်ကြဘူးမဟုတ်လား။
    ကာလာမသုတ်ကိုတော့ ကိုးကားဖို့လောက်ပဲ အသုံးပြုကြပြန်သေးရဲ့။
    ဘာပဲဖြစ်ဖြစ်
    နားလည်သွားအောင်ရှင်းပြလိုက်တဲ့တရားဟောဆရာကြီးကို ဦးညွတ်လိုက်ပါ၏။
    ပါဠိစာလုံးများဖြင့် ချီးမွမ်းလိုသော်လည်း
    ပါဠိရိုက်ရန်အဆင်မပြေသဖြင့် ဤမျှသာ။
    သာဓု(သုံးကြိမ်)
    ယာ ဂုတ်( သုံးကြိမ်)
    ယာ

    ReplyDelete