Pages

Monday, March 15, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၃ အပိုင်း ( ခ )

အပိုင်း (က )စကား အနားသတ်။

ဒါက ခေါင်းစဉ်တပ်ထားတဲ့ အတိုင်း သူ့ ယဉ်ကျေးမှု ကိုယ့်ယဉ်ကျေးမှု တွေကို ပြောပြတာပါ။ ကိုယ့်နိုင်ငံ ယဉ်ကျေးပြီး သူ့ နိုင်ငံ ရိုင်းပြတာတွေ ပြောကြတာလည်း ရှိသေးတယ်။

အတွေ့ ကြုံလေးများ


အပိုင်း ( ခ)

သူ့ နိုင်ငံက ယဉ်ကျေးမှုကို ပြောပြပြီးတဲ့ အခါ မယဉ် မကျေး ရိုင်းပြတာကို ပြောကြစို့ လို့  ဆရာက စလိုက်တယ်။ အဲသလို ပြောတော့ ထိုင်းကျောင်းသူ တစ်ဦးက ပြောပါလေရော။ ဒါမျိုး နှုတ်ဆက်ရင် မယဉ်ကျေးတဲ့ အပြင် ကျမ ယောက်ျားက ဒီလို နှုတ်ဆက်သူကို တွယ်မှာတဲ့။ ပြောတဲ့ ကျောင်းသူက လက် အမူရာ နဲ့  ပြတာပါ။ လက်သီးနဲ့ တွယ်မယ့် အမူရာကို ပြတယ်။

ကိုယ်က အဲဒီကျောင်းသူကို ကြည့်ပြီး သဘောတူတယ်၊ ဟုတ်တယ်ကွ ဆိုတဲ့ အနေထားနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ဆရာကိုတော့ ကိုယ်က ဘုန်းကြီး ဖြစ်နေတာဆိုတော့ တအားကြီး ပြောမဖြစ်ပါဘူး။

ကိုယ့်မေးလို့  ပြောရမယ်ဆိုရင် အာဝါး မိတ်ဆက်တာ မပြောနဲ့  မြန်မာမိန်းခလေးက လက်တောင် အထိခံတာ မကြိုက်ဘူး ၊ မထိရဘူး၊ ထိမရဘူး လို့  ပြောထည့် လိုက်ချင်ရဲ့ ။ ( ဟုတ်တယ်နော်) ကိုယ့် ရွှေဒကာမလေးများ။ ဒါပဲ သူနိုင်ငံက ယဉ်ကျေးတာ ကိုယ်နိုင်ငံကျ ဒီအမူရာ ရိုင်းတာလို့  ဆိုကြစို့ ရဲ့ ။

ပြီးတော့ စားခန်းသောက်ခန်းနဲ့  ပါတ်သက်လို့  ပြောပြတယ် ။ စပ်စပ် ပြတ်ပြတ်မြည်အောင် စားတာတို့ ၊ တရှူးရှူး တရှဲရှဲ ဟင်းချို မြည်အောင် သောက်တာတို့ ၊ စားတုံးသောက်တုံး စကားပြော တာတို့ ဟာ ရိုင်းတယ်တဲ့။ ပါးစပ်ထဲ အစာမရှိတဲ့ အချိန် ပြောလို့ ရပါသတဲ့။ သင်တန်းသား အားလုံးက လည်း ဒါကတော့ အတူတူပါပဲ လို့  ပြောကြတယ်။

စိတ်ထဲမှာတော့ ပေါ်လာသေးတယ်၊ မြတ်စွာဘုရား ၀ိနည်း စည်းကမ်းထဲမှာ ဒီစားတာ သောက် တာ တွေက သင်ပြီးသား ။ သုရုသုရုကာရကံ- ရှူးရှူးရှဲရှဲ ၊ စပုစပုကာရကံ- စပ်စပ်ပြတ်ပြတ်၊ သကဗဠေန- ဆွမ်းလုတ်နဲ့ အတူ အသံမပြုရ၊ စကားမပြောရ စတာတွေ။

တကယ်တမ်း စေ့စေ့ စပ်စပ် တွေးကြည့်တော့ မြတ်စွာဘုရား က ခေတ်မီတာ ပါ။ စကားတော်က နှစ်တွေ (၂၅၀၀) ကျော်ပေမယ့် ဟောင်းလေ ကောင်းလေ ဆိုတာ သက်သေပဲ။ ဒိတ်မအောက်တဲ့ ၀ိနည်းစည်းကမ်း၊ ဒိတ်မအောက်တဲ့ တရားဓမ္မတွေ ။ ဘယ်တော့မှ မမှားနိုင်တဲ့ တရား တွေ။

မှားတာတွေ့ တယ် ပြောရင် ထပ်ဆင့်ပြောတဲ့သူ အပြောမတတ်လို့  ၊ ပြီးတော့ မကျက်တကျက် နားလည်လို့ ၊ ကိုယ်ကိုယ်တိုင် ဘုရားဆိုလိုချက်ကို နားမလည်လို့ သာ ဖြစ်မယ်။ ဘုရားကတော့ လုံးဝ လုံးဝ ကို မလွဲတာ လို့ ပဲ အမြဲနှလုံးသွင်း ယုံကြည်ကာ မှတ်ချက်ချမိပါတယ်။

ကိုယ်လည်း စားတာသောက်တာနဲ့  ပါတ်သက်လို့ သူတို့ အကျင့်ကို ပြောလိုက်သေးတယ်။ ဒီမှာက စားတုံး သောက်တုံး နှပ်ညှစ်တယ်၊ ကိုယ်တို့ ဆီမှာ ဆိုရင် အဲဒါ မယဉ်ကျေးဘူးလို့ -ပြောလိုက်တယ်။

တစ်ရှုးသုံးပြီး အသံက ကျယ်ကျယ်လောင်လောင်ရယ်။ ဒါပေမယ့် ဒီက အေးအေးဆေးဆေး ဘယ်သူမှ ရိုင်းတယ်လို့  မထင်ကြဘူးပေါ့။ ကိုယ်တောင် အစက စားတုံးသောက်တုံး နှာရည်ယိုရင် ညှစ်ရကောင်းလေလား မကောင်းလား စဉ်းစားသေးတယ်၊ နောက်တော့ သူတို့ တောင် ညှစ်သေးတာဆိုပီး အားပါးတရ သံသယရှင်းစွာ ညှစ်ထည့်လိုက်တယ်။

အစ် ..အစ်.. နဲ့  စားတုံး ကျွတ်ထိုးရင် ကျောင်းက ကိုယ်တော်က ခွင့်လွတ်ပါတဲ့။ ဒါက တို့ ဆီမှာ ကိစ္စနမရှိဘူး။ အဲဒါလည်း ကွာတယ်ပေါ့။ ဒါကို ဆရာ ပြောပြလိုက်တယ်။ သူဘာမှ ထူးမပြောဘူး။

ဆက်လက်ပြီး ဆရာက ပြောပါတယ်။ ဒီနိုင်ငံမှာက မရင်းနီးသေးရင် နာမည်ဗြောင် မခေါ်ရဘူးတဲ့။ နာမည်အရင်းတိုင်း ခေါ်ရတာပေါ့။ ပြောင်ပြောင် နောက်နောက်လုပ်တာမျိုး က တော်တော်လေး ရင်းနီးမှ လုပ်ကြတာတဲ့။ နာမည်ဗြောင် ပြောရင် ရိုင်းတာပါ တဲ့။

လေ့လာကြည့်သလောက် ဟုတ်ပါတယ်။ မြန်မာဒကာမ တစ်ယောက် ပြောသလို ဂျာမန်တွေက သိပ်မရီတတ်ကြဘူး-တဲ့။ ဟာသ အပြောင်အနောက် နည်းတယ်လို့  ဆိုလိုဟန်တူပါတယ်။ သူတောင် တစ်ခါတစ်ခါ ရီအောင် ဟာသ ဖေါက်ပစ်တတ်ရင် သူတို့  သဘောကျတယ် ဆိုဘဲ။

အဲဒီ အကြောင်းကိုယ်ကလည်း သိထားတော့ တရားဟောခွင် ကြုံရင် ရီစရာလေးတွေ ပြောတော့ ၊ တရားနာ ပရိသတ် သဘောကျကြတယ်။ ( ရီရရင် တရားကောင်းသွားနိုင်တယ် ထင်တယ်။ လောကီ လူတို့  သဘောအရပေါ့။)

တို့ မြန်မာတွေက တော့ ဟာသ ၀ါသနာ ပါတဲ့သူက သိသိ မသိသိ ဟာသကို လုပ်ချင် နေတော့တာ။ ဘုရားဖူး သွားလည်း သိသယောင်ယောင်နဲ့  ဟာသလုပ်ကြ၊ သင်္ကြန်တွင်း တွေမှာ လည်း ဟာသနဲ့ ။ ရယ်ရတယ် တို့  ရွှေမြန်မာ။

ဒါတွေကို ပြောပြချင်ပေမယ့် ဂျာမန်လိုကျ ဟုတ်တိ ပတ်တိ မပြောတတ်သေးတော့ မြိုသိပ်ခဲ့တာ။ ခုမှပဲ သင်္ကန်းကြားက လက်သီးချိန်ပြသလို အများသိအောင် ပြောပြတာ။ နောက်တစ်ကြိမ်ဆိုရင် တွယ်ပြီပေါ့လေ။

ဒါလေးတော့ သတိထားပြီး မှတ်သားသင့်တယ်။ လက်အမူအရာ ပေါ့။ လက်ညိုးကို အရမ်း ကာရော မထိုးရဘူး၊ ဟိုလူ ဒီလူ ဆိုပြီး မထိုးရဘူးတဲ့။ လက်ညိုးထိုးတာ ရဲ အလုပ်ပါတဲ့ - ဗျာ။ ပြစ်မှု ရှိသူကို လက်ညိုးထိုးရတာတဲ့။ လက်ညိုးထိုးခွင့်ကြုံလာရင် လက်ဖြန့် ပြီး သူဘဲ ဟိုကောင်ဘဲ ဆိုတာ ပြောပါတယ်။ ဒါပေမယ့် ကားတို့ သစ်ပင်တို့ သက်မဲ့ တွေကိုတော့ လက်ညိုးထိုးရင် ပြဿနာ မရှိပါ ဘူး တဲ့။

ပြီးတော့ လက်ခလယ် ထောင်မပြမိစေနဲ့ ။ တော်တော်လေး ဆိုးဝါးတယ်။ ညစ်ညမ်းတယ် တဲ့။ ရုပ်ရှင်ကားထဲ ပြန်စဉ်းစားကြည့်ပေါ့။ လက်ခလယ် ပြပြီ ဆိုရင် ဆဲဆိုသွားတဲ့ အမူရာ ဖြစ်သွား တာ တွေ့ လိမ့်မယ်။

ဘာပဲ ပြောပြော သူ့ နိုင်ငံ သူ့ ဓလေ့တော့ နားလည်သင့်တယ်။ နားလည်ထားရင် အတော်အတန် အဆင်ပြေမှု ရှိတာပေါ့။ ဒါတွေကို လောကီလူသားတို့  အနေနဲ့  မှတ်သားထားပြီးသင့်တယ် ထင်လို့  ကိုယ်သိတာလေးတွေ ပြောပြရုံသက်သက်ပါပဲ။

တို့  မြန်မာတွေလို အချင်းချင်းတွေ့ လို့  လက်ဆွဲ နှုတ်မဆက်တာမျိုးကတော့ မြန်မာပြည် အတွင်းသာ ဖြစ်မှာပါ။ ဖြစ်သင့်တာပါ။ နိုင်ငံ အသီးသီးရဲ့  နယ်ပယ်မှာ လက်ဆွဲပြီး နှုတ်ဆက် နေကြပါ တယ်။

ဒီနိုင်ငံမှာလည်း ပါးချင်း ယှက်တာတို့  ဆိုတာက လူတိုင်းတော့ မလုပ်ပါဘူး။ ဆရာ့ နမူနာ အရ ပြောတာပါ။ နမူနာ ပေးတာ ဆရာများ သွားသလား တော့ မပြောတတ်။ (ဆရာ ဆိုတော့ ဆရာပဲ လေ။ )နေ့ စဉ် သင်တန်းသွားနေတော့ သတိထားကြည့်တယ်။ လက်ဆွဲ နှုတ်ဆက်တာလောက်ပဲ များပါတယ်။ ဒါ့ထက် သိပ်မပိုပါဘူး။

ကဲ...လိုရာ သုံး မလိုရာမသုံးကြနဲ့ ပေါ့နော။ မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် ဘုရားဟော ဒေသနာ ပမာထား မှတ်ပါလေ။


မြတ်ရောင်နီ
( ၁၆၊၀၃၊၂၀၁၀)

No comments:

Post a Comment