Pages

Sunday, March 14, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၃

အတွေ့ ကြုံလေးများ

အပိုင်း(က)

အတွေ့ ကြုံဟာ စာထဲကလိုချည်း မဟုတ်တာတော့ သေချာတယ်။ အတွေ့ ကြုံက စကားပြော တယ်- တဲ့။ ဟုတ်လောက်ရဲ့ ။ ပြီးတော့ အသက်ကြီး တစ်နည်းသာ တဲ့။ အဲဒါတော့ အပြည့်ဝ လက်ခံ လို့  မဖြစ်ဘူး။ အသက်ကြီးပြီး အချိန်မစီး ဆိုတဲ့ စကားက ရှိသေးတာကိုး။

သွားပါများ ခရီးရောက် မေးပါများ စကားရ- တဲ့။ ထည့်လိုက်ချင်သေးတယ် အသစ် အနေနဲ့ - ပြောပါများ စကားပေါက် လို့ ။ ကိုယ့်စကားကို ကိုယ့်ဖာသာ ထောက်ခံရရင် ဟုတ်၏။ စာတွေ ဘယ် လောက်တတ်တတ်၊ မပြောပါနေလို့ ကတော့ စကားက တွန့် ဆုတ် တွန့် ဆုတ်ရယ်။

ဟုတ်တာ မဟုတ်တာ အသာထား၊ ပြောပါများလျင်တော့ စကားက ပြောတတ် ဆိုတတ် ရှိလာပါတယ်။ မှားရင်လည်း အမှန် သိသူက ပြင်ပေးသွားပါလိမ့်မယ်။ အဲဒီ အမှန်ကို မှတ်ထားပါ။ နောက်တစ်ခါ အဲဒီ အမှန်တိုင်းပြောပါ။

မြန်မာ ဆိုရိုးစကား အရှိသား၊ စာမတတ် လမ်းထွက် ဖတ် တဲ့။ စာအဆို ရှိသော်ငြား စာသင် ခန်းထဲမှာပင် စာဖတ်ရမှာ ကြောက်သလိုလို ရွံ့ သလိုလို ရှိကြတတ်သေးတယ်။ သင်တန်း တက်ရင်း သင်တန်းက အတွေ့ ကြုံတွေ ရလာတာလေးတွေ ပြောပြချင်တယ်။

သင်တန်းပေါင်းလည်း များလှပြီ။ မြန်မာပြည် အင်္ဂလိပ်သင်တန်း၊ သီရိလင်္ကာ အင်္ဂလိပ်သင်တန်း၊ သီရိလင်္ကာဆရာ ၊ အင်္ဂလန်ဆရာ တွေ နဲ့ ၊ ဆင်ဟာလ ဘာသာ သင်တန်း နဲ့  စုံသွားတယ်။

ခု လက်ရှိ တက်ဆဲ သင်တန်း အတွေ့ ကြုံကို ပြောပြချင်ပါတယ်။ ဂျာမဏီနိုင်ငံ ထိုင်းသင်တန်းမှာ ဂျာမန် ဘာသာ သင်ယူနေတာပါ။ သင်ယူခါစကတော့ ထိုင်းဆရာ၊ ဆရာမများသာ သင်ပါတယ်။ သင်တန်းသား သင်တန်းသူ ဆိုတာလည်း အားလုံး ထိုင်းတွေပေါ့။ သင်တန်းသားက တစ်ယောက် သာ၊ ကျန်တာက သင်တန်းသူတွေချည်းပါ။

အဲဒီထဲမှာ ရွှေကိုယ်တော် တစ်ပါးသာ မြန်မာ ဖြစ်လေတယ်။ ရှင်းပြတာက ထိုင်းလို ရှင်းလိုက်၊ ဂျာမန်လို ရှင်းပြလိုက်ပေါ့။ ကိုယ့်အတွက်ကတော့ နားလည်အောင် မနည်းကြိုးစားရတယ်။ လုံးဝ နားမလည် ဘူးဆိုရင်တော့ အင်္ဂလိပ်လို ဆို ဘာပြောတာလဲပေါ့ မေးရတယ်။

တစ်ခါတရံမှာတော့ ကိုယ်လုံးဝမသင်ဘူးတဲ့ ထိုင်းစကားနဲ့  ရှင်းပြတာတောင် နားလည်သွား သလိုလိုပဲ၊ အမူရာ ကြည့်ပြီးတော့။ ကြာတော့ သဘောပေါက်သွားတာ။ ထိုင်းစကား ပြောတတ်လို့ တော့ မဟုတ်ဘူး။ အဲဒါလည်း အတွေ့ ကြုံတစ်မျိုး။

ကိုယ့်ကျောင်းသား အချင်းချင်း ခဏ အားလပ်ချိန်ပေးတဲ့ အချိန်မှာ သူတို့ နဲ့  ပြောကြဆိုကြတာ တော့ ဂျာမန်လိုပဲ ပြောတာ၊ အင်္ဂလိပ်လို ပြောတာက မဆိုစလောက်ပဲ။ ဒါလည်း သူတို့  ပြောတာ လည်း ကိုယ်နားလည်၊ ကိုယ် ပြောတာလည်း သူတို့ နားလည် ကြတာတော့ ရှိသားပဲ။

တကယ်တမ်းတော့ သူတို့ လည်း အပီပြင် မပြောတတ်သလို ကိုယ်လည်း တကယ့်ကို မတတ် သေးတာပါ။ ဒါပေမယ့် ဆိုလိုတဲ့ အကြောင်းရာတော့ သိနေကြတာပဲ။ ပြောပါများ စကားပေါက်တဲ့ - အတွေ့ ကြုံတော့ မဟုတ်သေးဘူး၊ စိတ်ချင်း သိသလိုလိုပေါ့၊ ရွှေအ နဲ့ တောင် စကား ပြောဖြစ် သေးတာပဲ။ လူကောင်း အချင်းချင်း ဆိုတော့ ပြောလို့  ဖြစ်ကြတာပေါ့။ ဒါလည်း အတွေ့ ကြုံ တစ်ဖုံ။

ပထမ ( ၃ )လ ကုန်သွားတဲ့ အခါ ဂျာမဏီနိုင်ငံသား ဂျာမန်ဆရာ ရောက်လာပါလေရော၊ ကိုယ်ကတော့ သဘော သိပ်ကြတာပေါ့၊ ဂျာမန်ဘာသာ သင်တာ ဂျာမန်ဆရာ ဆိုတော့ ကွက်တိပေါ့။ ဒါပေမယ့် ထိုင်း သင်တန်းသူလေးများက အား ၀ူး.... (ထိုင်းလို)မိုက်ခေါက် ကြိုင်- တဲ့။ နားမလည်ဘူး လုံဖိ တဲ့။ လုံဖိ ကား ကိုယ့်ကိုခေါ်တာပါ။ လုံဖိ ရော နားလည်သလားတဲ့။ မဆိုးပါဘူးလို့ ။

သူတို့ က ထိုင်း လို ရှင်းတာ နားထောင်နေကြ ဆိုတော့ ဟုတ်မှာပေါ့။ ကိုယ်ကတော့ ပိုတောင် ကောင်းသေးတယ် ပြောလိုက်ချင်သေးတယ်။ ဒါပေမယ့်မဆိုးပါဘူး လောက်နဲ့  ရပ်ထားခဲ့ရတယ်။ ဒဲ့ထိုးကြီး ဂျာမန်ဘာသာသင်တာ ဂျာမန်ဆရာက ပိုကောင်းတာပေါ့ လို့  ပြောလိုက်ရင် ဘယ်ကြိုက် လောက်ပါ့မလဲ။ စကားဆင်ခြင်ဖို့ အတွက် ဒါလည်း အတွေ့ ကြုံ တစ်ခန်း။

တစ်ခါတစ်ခါ ဂျာမန်ဆရာက စာကို အမျိုးမျိုးလုပ်ပြီး သင်ပေးပါတယ်။ သူလည်း သူ့ အတွေ့ ကြုံရ ပေါ့။ ဥပမာ သင်တန်းသားကို အမူယာ သရုပ်ဆောင်ခိုင်းတယ်၊ သရုပ်ဆောင်ခိုင်းတဲ့သူကို စကား မပြောခိုင်းပဲ သရုပ်ပေါ်အောင် လုပ်ခိုင်းတယ်။ ကျန်တဲ့သူတွေက ဒါက ဘာပဲ ၊ ညာပဲ တစ်ယောက် တစ်ပေါက်၊ စကားပြောတတ်ကာစ ကလေး ပြောသလို ပြောတော့တာပါပဲ။ ဆရာကတော့ ဂျာမန်လို ပြောထွက် အောင် လေ့ကျင့်ပေးတာပါပဲ။ အဲဒီ လေ့ကျင့်နည်းက ကောင်းတဲ့ အတွေ့ ကြုံတစ်သွင်။

တစ်နေ့ မှာတော့ what ist höflich? what ist unhöflch? ဆိုပြီး ခေါင်းစဉ်တပ် လိုက်ပါ တယ်။ကိုယ်လည်း ဘာလဲ လို့  အင်္ဂလိပ်လို ပြောပြပါလို့  ပြောတော့ polite and impolite . ယဉ်ကျေး တာနဲ့  ရိုင်းပြတာ- တဲ့။

အဲဒီနေ့ က ထူးထူးဆန်းဆန်းပေါ့၊ ကိုယ့်နိုင်ငံ သူ့ နိုင်ငံ ယဉ်ကျေးမှုတွေဟာ မတူဘူးလေ။ အဲဒါကြောင့် ဆရာက ပြောပါတဲ့။ အစဆုံး ပြောတာက ဘယ်လို နှုတ်ဆက်သလဲပေါ့။ သင်တန်းသူ တစ်ဦး ကို မေးပါလေရော။

ဆ၀ါဒိခ။ (ခရပ်) ဆိုပြီး လက်အုပ်ချီပြပါတယ်။ ယောကျာ်းလေးများ က ဆ၀ါဒီးခရပ် -တဲ့။ ဆက်လက်ပြီး အဲဒီ သင်တန်းသူက လက်အုပ်ချီတာနဲ့  ပါတ်သက်ပြီး ရှင်းပြတယ်။ လက်အုပ်က ရင်ဘတ် မှာ ထားရင် အချင်းချင်း ၊ ပါးစပ်နေရာမှာ လက်အုပ်ထားရင် ဆရာ ၊ နှာခေါင်းမှာ လက်အုပ်က ထားရင် မိဘ ဘိုးဘွား ၊ ဘုရား နဲ့ ရဟန်း သံဃာတော်တွေကိုတော့ နဖူးမှာ တင်ထား တာဖြစ်တယ်။ သူက အင်္ဂလိပ်လို ပြောတော့ ကိုယ်လည်း ကောင်းကောင်း သဘောပေါက်သွားလည်း လက်အုပ် အတွေ့ ကြုံ တစ်သင်း။

ကိုယ့်ဘက် ဆရာက လှည့်လာပြီး မြန်မာလည်း အဲ...လိုပဲလားတဲ့ ။ လက်အုပ်ချီတာနဲ့ ပါတ်သက် လို့ ဆရာကမေးတယ်။ အဲ ...ဂွတော့ ကျပြီ။ အမှန်တိုင်းပဲ ဖြေလိုက်ပါတယ်။ အချင်းချင်း နှုတ်ဆက် တာ တွေတော့ လက်အုပ်ချီတာ ရှား တယ်။ ကြီးသူကိုတော့ လက်အုပ်ချီတယ်။ ရတနာသုံးပါး မိဘ ဆရာသမား ကိုတော့ နဖူးပေါ် လက်တင်ပြီး လက်အုပ်ချီတယ် ၊ ရှိခိုးတယ်။ သာမန်ကတော့ မင်္ဂလာ - လောက်ပဲ နှုတ် ဆက်ပါတယ်။ ပြောကောင်း နားထောင်ကောင်းအာင်သာ ပြောလိုက်တာ အရပ် ကတို့ ရေ။

တကယ်တမ်း ကိုယ့်မြန်မာတွေ အတော်များများ မင်္ဂလာလို့တောင် နှုတ်မဆက်ပါဘူး။ ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင်ပေါ့။ ကျောင်းတွေမှာတော့ ပြောတတ်၊ ဆိုတတ်ကြပါတယ်။ ကျောင်းသား မော်နီတာက အားလုံး..မတ်တပ်ရပ်ဆိုရင် ကျောင်းသား အားလုံး မတ်တပ်ရပ်ကြတယ်။ပြီးတော့ မင်္ဂလာပါ ဆရာကြီး၊ မင်္ဂလာပါ ဆရာမ။

ဆရာ ဆရာမတွေကလည်း မင်္ဂလာပါ တပည့်တို့ ။ ကျောင်းသားကျောင်းသူ အချင်းချင်းကတော့ မင်္ဂလာပါ ကိုယ့်လူ။ သူငယ်ချင်း ပြောတာ မတွေ့ ဖူးသလောက် ခပ်ရှားရှား။ ကိုယ်မတွေ့ဘူးတာ ပြောတာပါ။ (ခုကိုယ်ကတော့ မင်္ဂလာပါ လို့  တစ်ချို့ က ဂျီထော့မှာဖြစ်ဖြစ် ၊ ကိုယ့်ဘလော့လေးထဲ ဖြစ်ဖြစ် နှုတ်ဆက်ကြတာတွေ့ ရင် ပျော်လိုက်တာ။ ဒီစကားလေးကိုလည်း ကျယ်ပြန့်စေချင်တာ အမှန်ပါ။)

နောက်ထပ် ပြောကြတာကလည်း ဟိုတယ်တို့ ၊ မော်တယ်၊ စားသောက်ဆိုင်ကြီးများ နဲ့  လေယာဉ်မောင်မယ်တွေတော့ ဖြစ်ကောင်း ဖြစ်မယ်။ ဒီလိုလေးတွေ နှုတ်ဆက်တာ။ ပြီးတော့ အဆိုတော်များလည်း မင်္ဂလာပါ( အသံမြင့်မြင့်နဲ့ ) ပြောတာ ဆိုတာ.ရှိကြလေတယ်။

နိုင်ငံတိုင်း ဂွတ်မောနင်း ပဲဖြစ်ဖြစ်၊ ဂုတင် ထတ် ဖြစ်ဖြစ်၊ ဆ၀ါဒီခ ပဲဖြစ်ဖြစ် မိမိစကားကို တွင်တွင်ကျယ်ကျယ် ပြောကြတယ်။ စာတွေထဲမှာတော့ ရှိပါတယ်။ မင်္ဂလာနံနက်ခင်းပါ၊ မင်္ဂလာ နေ့လည်ခင်းပါ၊ မင်္ဂလာညနေခင်းပါ -တွေ ပေါ့။ စာထဲကစာ လက်တွေ့ မဟုတ်လေတော့ လက်တွေ့ များက ပိုအရသာရှိတာကို သဘော ပေါက်တာ ကလည်း အတွေ့ ကြုံကလည်း တစ်ပါး။

အင်း...ဂျာမန် ဆရာတို့  ယဉ်ကျေးမှုကတော့ တွေ့ ရင် ဘယ်လို နှုတ်ဆက်တယ် ဆိုတာ ဆရာ နမူနာပြတော့ အတော် ရှင်းသွားတယ်။ မြင်လွယ်တယ်၊ အရှင်းပြ တော်တော် လည်းကောင်း တယ်-လို့  ပြောရလေမလား၊ (ဥပမာဆိုတာ သိလွယ် မြင်လွယ်အောင် ပြရတာ မဟုတ်ပါလား။)

ဆရာ့ ဥပမာက ဒီလိုပါ။ သင်တန်းသူ တစ်ဦးကို ခေါ်လိုက်တယ်။ ခဏလာပါ။ နမူနာ ပြမယ်ပေါ့။ ဟလို၊ ဂုတင်ထ။ ဇီယားဗို့ စ်။ဂရို့ စ် ဂေါ့ဒ် စသဖြင့် ဒေသအလိုက် နှုတ်ဆက်တဲ့ စကားတွေ ပြောပြီး၊ လက်ဆွဲ နှုတ်ဆက်ပြတယ်။ ဒါ့ထက် ရှင်းအောင် ပြသွားတာက ပြွစ်... ပြွစ်... ဆိုပြီး ဟိုဘက် ဒီဘက် ပါးချင်းယှက်ပြီး အနမ်းလေး လုပ်ပြတယ်။ ပြီးမှ ဥပမာ ပြောပြတာနော်တဲ့။ ဥပမာ အပေးခံရတဲ့ သင်တန်းသူက ရပါတယ်၊ ကိစ္စမရှိ ပါဘူးပေါ့။ ပြီးသွားပြီထင် လို့  ပြန်ပြီးထိုင်ပါတယ်။ အဲဒီ နောက် ထပ်လာပါဦး၊ တစ်ချို့ က ဒီလိုတဲ့ ။ ဥပမာ ပြမလို့ နော် တဲ့။ လက်ဖမိုးလေးကို ပြွစ် ပြွစ်(အသံပါ ပါတယ်) ။ အဲလိုလည်း နှုတ်ဆက်ကြတယ်။ ယဉ်ကျေးမှုပါတဲ့ဗျား။ ဒါကလည်း အတွေ့ ကြုံ တမုံ့ ။

ဒါက ခေါင်းစဉ်တပ်ထားတဲ့ အတိုင်း သူ့ ယဉ်ကျေးမှု ကိုယ့်ယဉ်ကျေးမှု တွေကို ပြောပြတာပါ။ ကိုယ့်နိုင်ငံယဉ်ကျေးပြီး သူ့ နိုင်ငံ ရိုင်းပြတာတွေ ပြောကြတာလည်း ရှိသေးတယ်။

ဆက်သေးတာပေါ့။
အားပေး စောင့်မျှော် ဖတ်ရှုကြလေကုန်..

မြတ်ရောင်နီ
(၁၄၊၀၃၊၂၀၁၀)

No comments:

Post a Comment