Pages

Saturday, March 27, 2010

သတိ... ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၅


သတိ

သတိပြု


အပိုင်း (က)

သတိရှိစေဖို့ ဆိုတာကိုပဲ အများစုက သတိ ပေးထားတတ်ကြပါတယ်။ မီး သတိပြု၊ တာဝန်မှ အပ မ၀င်ရ ၊သတိ အန္တရာယ်ရှိသည် ၊ ဆေးလိပ်မသောက်ရ၊ ကွမ်းတံတွေးမထွေးရ - စတာတွေပေါ့။ သတိ ဆိုတာ မလုပ်သင့်တာ၊ မလုပ်ရတာ တွေ ကို တားမြစ်ချက်တစ်ရပ်နဲ့  သတိပေးတာ။ နောက်ပြီး တိုးတက်ရာ တိုးတက်ဖို့ အတွက်သတိပေးတာ ဖြစ်တယ် လို့ သဘော ပေါက်သင့်တယ်။

သတိပြု ဆိုတဲ့ အရာကို သတိ မပြုမိခဲ့ရင်တော့ မှားတော့တာပါပဲ။ ထိုက်သင့်တဲ့ အပြစ်ရတော့ တာပေါ့။ သတိထားလိုက် ပြီးနေလိုက်တာနဲ့  အေးဆေးစွာ နေနိုင်တဲ့ အကျိုးကလည်း ရပြန်ရော။

ခု.. နွေရာသီ ရောက်ပြီဆိုတာနဲ့ ကိုယ့်ရွာမှာ ဖွင့်နေကြ အဆိုတော် ဦးထွန်းရွှေ ရဲ့  မီးဘေးရှောင်
လို့  မ လောင်ခင် တားကြပါ၊ ရန်သူ ထိုမီးကို..
. စတဲ့ သီချင်းကိုလည်း ပြန်လည်ကြား ယောင် နေမိတယ်။ မီး ရေး မီးကင်း ကိစ္စ အရေးကြီးတာမို့  သတိပေးနေတဲ့ သီချင်းလေးပါပဲ။ကောင်းပါ့။


သူ ဆိုတဲ့ သီချင်း ထဲမှာ ရန်သူ ငါးပါးထဲမှာ အင်မတန် ဆိုးဝါးလှတာ သူခိုး ဓားပြတဲ့ ဆိုးတဲ့ ရန်သူပါ- တဲ့။ သြကာသ ကန်တော့ချိုးမှာ ပါတဲ့ ရန်သူ ငါးပါးဆိုတာ ၁။ ရေ ၂။ မီး ၃။သူခိုး။ ၄။အမွေခံ သား သမီး ဆိုး ၅။မင်းဆိုး များဖြစ်ပါတယ်။

အတိုချုပ်မှတ်တတ်ဖို့ ရတနာ့ဂုဏ်ရည် စာမျက်နှာ (၁၇၆)မှာ ဆောင်ပုဒ် စပ်ထားပါတယ်။
ဆောင်ပုဒ်- ရေ မီး သူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုး အပြား ၊ ရန်မျိုး ငါး၊ မှတ်သားလေကွယ့်၊အမှန်တဲ့။

တောင်မြို့ ဆရာတော်ကတော့ ရန်သူမျိုး ငါးမျိုးကို မှတ်သားလေကွယ့် ၊ အမှန်ရန်သူ-ပါတဲ့။ ဘယ်ဟာ က ပိုဆိုး သလဲလို့ ဆိုတာတော့ မပါဘူး။ သီချင်းထဲမှာတော့ မီးက အတော်လေး ဆိုးဝါးဆုံး ရယ်လို့  တင်စား တာ ရှိမှာပေါ့။ ကိုယ့်အထင်ပေါ့လေ။

တကယ်တမ်း အဆိုးဝါးဆုံး ဟုတ်၊ မဟုတ် စဉ်းစားကြည့်ပေါ့။ ဥပမာ-ဆူနာမီ လို ရေတွေ ကြီး လို့ ပျက်ဆီးကြတာနဲ့  မီးလောင်လို့  ပျက်ဆီးကြတာ ဘယ်ကပို ဆိုးသလဲ။ ဆူနာမီလောက် ရွာ အတော် တော် များများ ပျက်ဆီး ခံရသလို နေရာတကာမှာ မီးလောင်ဘူးပါသလား။ ဒါ့ပြင် ဒါ့ပြင်... ရန်သူတွေနဲ့ လည်း နှိုင်းစာကြည့်ပေါ့။

သူ့ အနေနဲ့ ကတော့ ရန်သူ ငါးပါးထဲမှာ မီး အဆိုးဆုံး လို့  ဖေါ်ကျူးချင်တာနဲ့ ပဲ သီကုံးထားတာလို့ မှတ်ပါတယ်။ တကယ်တမ်းတော့ အဆိုတော်ကြီး ကျန်ရန်သူတွေ ဆိုးဝါးတာကို မတွေ့ ကြုံက်ဘူးလို့ လေလားဘဲ။

ကဲပါလေ.. မီးဆိုလည်း မီးပေါ့လေ။ ဒီနေရာ မီးလို့ ဘဲ ဆိုကြစို့ ရဲ့ ။ ဒါမှ ကိုယ်ပြောမည့် ရေးမှာ တွေနဲ့  အံဝင် ဂွင်ကျမှာ။

သတိထားရမှာက သာသနာလည်း ဒီလို ပါပဲ။ မီးမလောင်ဖို့  သတိပြု နေရတာ။ အမြဲ သတိပြုဖို့  ဆိုနေကြတာ။ သူရဲ့  သီချင်းက နွေရာသီ ရောက်မှ ကြားရတဲ့ သီချင်းတစ်ပုဒ်။ သာသနာမှာ လူတိုင်း ကို မီးမလောင်စေဖို့  ဆိုနေကြတာက အဆိုတော်များစွာ။ ရာသီမရွေး။ သီချင်းစာသား အမျိုးမျိုးနဲ့  ဆိုနေတဲ့ သီချင်းပုဒ်ပေါင်းများစွာ။ ဦးတည်ချက် စာသား အတူတူ။ဒီ သီချင်းကို သီကုံးရေးသားချိန်က လေးသင်္ချေနဲ့  ကမ္ဘာ တစ်သိန်း။ တင်စားကြည့်တာ။ (ကန်တော့၊ ကန်တော့) ။ အဲ... ရှူပ်သွားမယ်။

ရှင်းအောင် ပြောပါ့မယ်။ သာသနာမှာ မီး သတိပြု ဖို့  မီးမလောင် အောင် ရှာဖွေ ခဲ့တဲ့ တရား ဓမ္မ ရှိပါတယ်။ အဲဒီ ဓမ္မတွေကို ဘုရားရှင်လေးသင်္ချေနဲ့  ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ကျင့်ခဲ့ရပါတယ်။

ပါရမီ က အကျဉ်း (၁၀) ပါး - ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စ၊ အဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာ ပါရမီတို့ ဖြစ်ပါတယ်။ အပြားသုံးဆယ် ဆိုတဲ့ အတိုင်း ဒီ ဆယ်ပါးကို ဘဲ ရိုးရိုးပါရမီ၊ ဂွတ် ပါရမီ၊ ဂွတ်ရှယ်ပါရမီ ဆိုတာအနေနဲ့ လည်း ဖြည့်ကျင့် ခဲ့ရပါတယ်။ စာအလို ပါရမီ၊ ဥပပါရမီ၊ ပရမတ္ထပါရမီ သုံးမျိုးပေါ့ ။

အပြား သုံးဆယ် ဆိုတာ မူလ ဆယ်ပါးကိုတည်၊ ဒီ သုံးမျိုးသုံးစားနဲ့ မြှောက်လိုက်ပါက သုံးဆယ် ဖြစ်သွား ပါလေရော။ ဥပမာ- ဒါန တစ်ခုကို ဆိုပါစို့ - ဒါနပါရမီ၊ ဒါန ဥပပါရမီ၊ ဒါန ပရမတ္ထပါရမီ လို့ သုံးပါစီပြားကာ ၊ ကျန် ပါရမီ များ ဒီလို မျိုးဘဲ တွက်ပါက သုံးဆယ် ဖြစ်လာပါ့မယ်။
မသိသေးတဲ့ လူများအတွက် ရည်ရွယ်ကာ ရှင်းစေလိုတာနဲ့ အသေးစိပ် ပြောလိုက်တာပါ။


မီးဆိုတာက အများသိနေတဲ့အတိုင်း ရာဂ၊ ဒေါသ၊ မောဟ၊ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ တဲ့။

နတ္ထိ ရာဂ သမော အဂ္ဂိ။ There is no fire like lust. လိုချင်တဲ့ မီးထက် ဆိုးတဲ့ မီး မရှိပါဘူး။ ( ဓမ္မပဒ) မှာ ဗုဒ္ဓ ဟောတော်မူထားတာ တွေ့ ရပါတယ်။

လိုချင် မှုများလေ မီးလောင်တာ များလေ။ လိုချင်မှု တွေ ကြောင့် မလုပ်သင့်တာ မှန်သမျှ တွေလုပ်နေကြတယ်။ ဒေါသ ဖြစ်တယ် ဆိုတာလည်း ကိုယ်ဖြစ်ချင်တာ မဖြစ်ရလို့ ၊ ကိုယ့် အလို အတိုင်း မကျလို့ ၊ မကျေနပ်လို့ ပါ။
လောဘ နဲ့  ဒေါသ ဆိုတာ အလိုရချင်တာနဲ့  အလိုမကျတာလို့  သဘောပေါက်ပါတယ်။

ဒီအလိုတွေပဲ လိုနေတာ။ အလို ရပ်ရင် ပွဲပြီး မီးသေပဲ။ အလို နဲ့  မီး က အတူတူပါပဲ၊ အလို မရှိတာ၊ မီးမရှိ တာ ကို နိဗ္ဗာန်လို့ ဆိုတယ်။ နိဗ္ဗာန် ဆိုတာ ၀ါန- အလို၊ နိ- မရှိရာ။ (မီးမရှိရာ)


အလို ဆိုမှတော့ မပြည့်တာ သေချာတယ်။ ရိုးရိး ရှင်းရှင်းလေး ပဲ စဉ်းစားကြည့်ပါ။ မောဟ ဆိုတာ ဘာမှ မခွဲခြမ်းတတ်တာ။ ဇဝေဇ၀ါ။ လိုချင်တဲ့ထဲလည်း ရော၊ အလိုမကျတာနဲ့ လည်း ပေါင်း သူ့ အလုပ်ကိုက ကိုယ်ပိုင် ဆုံးဖြတ်ချ မချတတ်တဲ့ အလုပ်ပါ။ ကျန်တဲ့ ဇာတိ စတဲ့ မီးတွေက သူတို့ ရဲ့  နောက်လိုက် မီးတွေ ၊ ဆင့်ပွါးမီးတွေလို့  ဆိုရပါ့မယ်။

အဲဒီမီးတွေကို မလောင်အောင် သတိပြုစေချင်တာနဲ့  ဟိုတစ်လော(၀၈၊၀၃၊၂၀၁၀)နေ့ က ကိုယ်နားလည် သဘောပေါက်တဲ့ အတိုင်း ပြန်လည်ကာ မြူးနစ်မြို့ မှာ ရှိတဲ့ ဂျာမန် ဗုဒ္ဓဘာသာ အသင်း သူအသင်းသာ များကို သတိပြုတတ်ဖို့  သတိဗိုလ် အကြောင်း တရား ဟောခဲ့ပါတယ်။များ သောအားဖြင့် သတိ ဆိုလိုက်ရင် သတိပဋ္ဌာန်သုတ် ကို နားလည်ထားကြပြီး၊ ၀ိပဿနာတရား ဟော ကြပါတယ်။

ကိုယ်ကတော့ သတိပဋ္ဌာန်သုတ်ကို မိတ်ဆက်သဘောပြောလိုက်ပြီး အနုဿတိ ( ၁၀ )
ပါးနဲ့  စပ်ရာ စပ်ရာတွေ ဟောပြောပြခဲ့ပါတယ်။

သတိ ဆိုတာကို က အမှတ်ရတာကို သတိ ခေါ်တာပါ။ သူ့ ကို သတိရလိုက်တာ ဘာညာ ဘာညာ လည်း သတိ ပါပဲ ။ အနုဿတိ (၁၀)ပါးက လာတဲ့ သတိ နဲ့  ဆိုင်ရာ ဆိုင်ရာများကို သတိရမှုတွေနဲ့  ကတော့ မတူဘူးပေါ့။

ဆိုင်ရာလေးတွေကို သတိရတာက သတိရရင်း ရရင်းက လွမ်းစိတ်တွေ ပေါ်လာတယ်။
တစ်ခါတစ်ခါ ငိုချင်စိတ်ပေါ်လာတတ်တယ်။ မထိန်းနိုင်ရင် ငိုတဲ့ အထိ ရောက်သွားတယ်။ ဒါ့ထက် မထိန်း နိုင်ရင် စိတ်ထဲ ကြိတ်ခံစားကာ ပူလောင် ဆွေးမြေ့တဲ့ အဆင့်ထိ ရောက်သွားပါတယ်။

အဲဒါပါပဲဗျာ၊ သူ သူ ဆိုတာလေးကို သတိရတယ် ဆိုတာ မီးလောင်တာ ကို လောင်မှန်းမသိ ဖြစ်သွားတာပါ။

အနုဿတိ ( ၁၀ ) ပါးမှာ ပါတဲ့ သတိ ကလည်း အမှတ်ရတာပါပဲ။ ဆယ်ပါးထဲက ကိုယ့်ကြိုက် တဲ့ အနုဿတိကို အမှတ်ရ နေတာဟာ မီး ငြိမ်းနေတာ။ ငြှိမ်းနေတာပါ။


အနုဿတိ ( ၁၀) ပါးက ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊
စာဂါနုဿတိ၊ ဒေ၀တာနုဿတိ၊ ဥပသမာနုဿတိ၊ မရဏဿတိ၊ ကာယဂတာသတိ၊ အာနပါန ဿတိ-တို့  ဖြစ်ပါတယ်။

အနုဿတိ (၁၀) ပါး နာမည် သိရုံနဲ့  ဗုဒ္ဓဘာသာ နဲ့  မရင်းနီးသေးသူများ အဖို့  အကျယ် ပြောရပါတယ်။ ပြောဖို့ လည်း လိုပါတယ်။ အခြေခံမရှိရင်၊ အခြေခံမကောင်းရင် ပြိုလဲသွားရတဲ့ အိမ်ပ မာ၊ တိုက်ပမာ ဗုဒ္ဓဘာသာ ကောင်းတစ်ယောက်ဖြစ်ဖို့  အခြေခံ လေးများ ကောင်းကောင်း လိုအပ် ပါ တယ်။

ဗုဒ္ဓဘာသာလို့ ခံယူထားပေမယ့် ဗုဒ္ဓါနုဿတိ ဘယ်လို ပွါးများမသိလေတော့ ကိုယ့်အထင်နဲ့
ကိုယ် ပွါးနေကြပါပုံကြည့်ဦး ။ ဗုဒ္ဓါနုဿတိ ၊ဗုဒ္ဓါနုဿတိ လို့ ထပ်ခါထပ်ခါ ပါးစပ်ကဆိုပြီး ပွါးများ နေကြ တယ်တဲ့။ မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်းလေတဲ့ အသိတစ်ယောက်ကလည်း မေတ္တာ မေတ္တာ လို့  ပွါးများ ပါ သတဲ့။

အဲဒီအကြောင်းကို ထည့်ဟောတော့ ဂျာမန် တရားနာ ပရိသတ်များ ရယ်ကြလေတော့တယ်။
မယုံမရှိနဲ့  ကိုယ့်တွေ့  ဖြစ်သည်။.....


အခြေခံ အားပျော့သူများကို ရည်ရွယ်ကာ အပိုင်းလေးများ ဆက်လက် ကြိုးစားရေးသားပါဦးမည်။

မြတ်ရောင်နီ

(၂၇၊၀၃၊၂၀၁၀)

No comments:

Post a Comment