Pages

Friday, March 5, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၁ အပိုင်း ( ဃ )

မာဃ ပူဇာ

အပိုင်း ( ဃ )


ပြီးတော့ ရဟန်းများရဲ့  မရှိမဖြစ် လိုအပ်ချက် ပစ္စည်း ( ၈ ) မျိုး ဆိုတဲ့ အဋ္ဌ ပရိက္ခာရ ကို ရှင်းပြပါတယ်။ အင်္ဂလိပ်လို မှတ်သားလိုသူများအတွက် မှတ်ရ လွယ်ကူအောင် ရေးထည့်ပေးလိုက်ပါ့မယ်။

Eight compulsory requisites ( Parikkhaara)

1.Almsbowl
2.3 ( two) Upper garment robes
4.(one) under-wear robe
5.(one) Girdle
6. a razor knife
7.needle
8.and water-stainner

ှ( Sao Htun Hmat Win – S .R .F .Harvard)
( အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ် မှာ အင်္ဂလိပ်စာ ဆရာကြီး အနေနဲ့  တော်စပ်ခဲ့သူ ပါ။)


အဋ္ဌ ပရိက္ခာရ

၁။ပတ္တ- သပိတ်
၂။သံဃာဋိ- နှစ်ထပ်သင်္ကန်းကြီး၊ ဒုကုဋ်( ဒုကုတ်- လို့  အသံထွက်ပါ)
၃။ဥတ္တရာသင်္ဂ- အပေါ်ရုံ ဧကသီ ( အပေါ်က သင်္ကန်း)
၎။အန္တရ၀ါသက- သင်းပိုင် ( အောက်က သင်္ကန်း)
၅။ကာယဗန္ဓန- ခါးပန်းကြိုး
၆။ဝါသိက- ပဲကွပ်။ သင်တုန်းဓား။ ဘလိတ်ဓား
၇။သူစိ- အပ်
၈။ဓမ္မကရဏ- ဓမ္မကရိုဏ် ခေါ် ရေစစ်။

ဒီရှစ်မျိုး ရေတွက်ပြီးရုံနဲ့  မပြီးသေးဘူး။ ဒီမှာတော့ ဒီရှစ်မျိုး ထဲသာ ပရိက္ခရာ က မဟုတ်ဘူး။
ရာသီ
ဥတု အလိုက် ဥတုက အေးတော့ ခေါင်းစွပ် ခြေစွပ် ဆောင်းတွင်းစီးရှုး အကျီ င်္ အနွေး ထည်၊ ဘောင်းဘီ ရှည် ၊ အနွေးထည် စတာတွေပါ လိုအပ်ကြောင်းလည်း ပြောရသေးတယ်။ အဲလိုမပြောရင် ကိုယ်လာ ထိမယ်လေ...။

သရုပ်ပေါ်အောင် လက်ကလည်း ဒါက နှစ်ထပ်သင်္ကန်းကြီး ဒါက သင်းပိုင်။ ဒါက ခါးပန်းကြိုး၊ လက်တွေ့  ပြပြီး ရှစ်ပါးစလုံးကို ရှင်းပြရသေးတယ်။ ခု တော့ ပါးစပ်ကတင် မဟုတ်ဘူး ။ လက်က လည်း ပြောပြောဆိုဆို မြင်သာအောင် ပြရတယ်။ လူတွေက အဲဒီ အခါကျမှ ပိုမှတ်မိတာပေါ့။သူတို့  ဓလေ့ အတိုင်းပေါ့။

( အဲဒါ ဒီမှာ ရှိတဲ့ သင်တန်းက ကျေးဇူးပါ။ သင်တန်းမှာက မီးဖိုးချောင်သုံး ပစ္စည်းအကြောင်းကို သင်ရင် အဲဒီပစ္စည်းကို အစစ်ကို ပြတယ်။ စာအုပ်ထဲက ဓာတ်ပုံကို ပြရုံနဲ့ တင် မပြည့်စုံသေး။ စာပို့ ပုံ အကြောင်း ဆိုရင် စာတိုက်ကို သွားပြီး လက်တွေ့ မေးခိုင်းတယ်။ ဆရာမနဲ့  အတူ သွားကြတာပေါ့။)

ဒီနောက် ခုခေတ် ဗုဒ္ဓဘာသာ တိုင်းပြည်မှာ ရှိတဲ့ အသုံးနှုန်းထဲက ကိုယ်သိတဲ့ နိုင်ငံများရဲ့  ရဟန်းတွေ နဲ့ လူတွေ ဆက်ဆံတဲ့ အသုံးနှုန်း ရှင်းပြခဲ့ပါတယ်။ ပထမ ဦးဆုံး ရှင်းပြခဲ့တာက မြန်မာ နိုင်ငံမှာ သံဃာ တော်တို့  ရှေ့ မှာ ဦး။ ဦးဇင်း။ဦးပဇင်း။ထည့်တာကို ဒီလိုရှင်းပြလိုက်တယ်။

ပါဠိတော်မှာ ဥပသမ္ပဒါ- မြင့်မြတ်သော ပြည့်စုံခြင်း။ ရဟန်းဘောင်။ ဆိုတဲ့ ပါဠိစကား အဖျား စွတ်ခေါ်ရင်း ဥပသမ်း ။ ဥပသမ်းကနေ ဥပစမ်း။ ဥပစမ်းကနေ ဦးပဇမ်း ၊ ဦးပဇင်း။ ဦးဇင်း။ ဦး ထိ ဖြစ်သွားကြောင်း တောင်မြို့  မဟာဂန္ဓာရုံဆရာတော်ရဲ့  ပါတိမောက်ဘာသာဋီကာ မှာ ကြံဆထား တာ ဖတ်ဖူးတာနဲ့ ပြောပြလိုက်တယ်။(အတိကျသိလိုက ပြန်ကြည့်လေ။ အဲဒီ စာအုပ်က ပါမလာ တော့ စာမျက်နှာ မသိတော့ပါ။)
ပြီးတော့မှ ဆရာတော် ၊ ဘုန်းကြီး ဆိုတာ လည်း အရွယ်အလိုက်
ခေါ်ကြောင်းကိုပါ ထပ်ရှင်း လိုက်ခဲ့ သေးတယ်လေ။
( လေများ တိုက်ခတ် လိုက်ပုံကတော့၊ကြည့်ပေအုံးတော့ ။ ဂွင်ကျတုံးလေးတုတ် ထည့်လိုက်တာ )။

ပြီးတော့ မှ အတိုကောက် အနေနဲ့ မြန်မာလိုဆို နာမည် ရှေ့ မှာ ဦးဇင်း၊ ဦး- ပေါ့။ ထိုင်းနိုင်ငံ က တော့ ထာန်၊ အရှန် ၊ လုံဖိ၊ လုံဖော ၊ လုံဖု စတာ တွေ နာမည် ရှည်မှာ ထည့်တယ်။ သီရီလင်္ကာ မှာတော့ ဟာမူသရူး တစ်ခုထဲရယ်။ ကိုရင် ဆိုရင် ပေါတိ ဟာမူသရူး၊ ဘုန်းကြီးဆိုရင် လောကု ဟာမူးသရူး။ ရဟန်းငယ်ကိုလည်း ပေါတိ ဟာမူသရူး။ ပေါတိ- အငယ်။ လောကု- အကြီး- လို့ ခေါ်ပါတယ်။

( ကိုယ်သိတာကတော့ ချန်မနေဘဲ ၊ တွယ်ထည့်လိုက်တာပဲ၊ မပြောခဲ့ရင် ဒီစကားလုံးတွေက သိ - အလကား ကြီး ဖြစ်မှားကိုး။ တွယ်လိုက်တော့တာပါ့)။

ကိုယ်ကို တော့ ဥူးဇင်းခေါ်ခေါ် ၊ ဘုန်းကြီးခေါ်ခေါ် ကိုယ့်ခေါ်ရင် ထူးရတာပါပဲ။ ထိုင်းတွေနဲ့ ဆက်ဆံရ လို့  လုံဖိ ဆိုလည်း ဖိ လိုက်ရတာပဲ။ သီရိလင်္ကာနဲ့ တွေ့ တော့ ဟာမူသရူး ဆိုလည်း သရူး ဖြစ်သွားပြန် ရောဘဲ လို့  ပြောပြခဲ့တယ်။

ဘုရား လက်ထက်ကတော့ နာမည်ရဲ့  ရှေ့ မှာ အာယသ္မာ သာရိပုတ္တော အာယသ္မာ မောဂ္ဂလ္လာနော။ အာယသ္မာ အာနန္ဒော ဆိုပြီး ဘွဲ့  ရဲ့  ရှေ့ မှာ အာယသ္မာ ဆိုတဲ့ ပုဒ် ထားတယ်။ အချင်းချင်း ခေါ်ကြ ပြောကြ တဲ့အခါ ငယ်သူက ကြီးသူကို ဘန္တေ။ ကြီးသူက ငယ်သူကို အာဝုသော လို့ ခေါ်တယ်။ သုံးပုံ သုံနည်းလေးများကို ရှင်းပြလိုက်သေးတယ်။

အဲလိုလေး ပြောလိုက်တော့ ဂျာမန် ဒကာမ တစ်ယောက်က ဘိက္ခုနီ- (ရဟန်းအမျိုးသမီး) ဆို ရင်ကော အဲလို ထည့် လို့ ရမလားတဲ့။ အဲလိုတော့ မတွေ့ ဖူးဘူး။ အယျာ ဆိုတဲ့ ပုဒ်နဲ့ ပဲ တွေ့ တယ်။ တွေ့ တယ် မဟုတ်လား အယျ ခေမာ လို့  ရေးကြပြောကြတာ။

( အယျ ခေမာ ဆိုတာ ဂျာမန် သီလရှင်၊ ဂျာမဏီမှာ သူတည်ထောင်သွားတာက ဗုဒ္ဓအိမ် နဲ့  မေတ္တာ ၀ိဟာရ ကျောင်း တွေကို တည်ထောင်ခဲ့သူပါ။ ) ဒါကြောင့် ညွှန်းပြလိုက်တာ။

ဒါပေမယ့် ဘုန်းကြီးကို လည်း အယျ လို့  သုံးရတယ်။ ဘုန်းကြီးမ ( ဘိက္ခုနီ) ကိုတော့ အယျာ လို့  ယပင့်မှာ ရေးချာနဲ့ ရေးရကြောင်း ကွဲ ပြားအောင် ရှင်းပြခဲ့တယ်။

ထပ်ပြီးတော့ ပိုရှင်းစေချင်တာနဲ့  အာဝုသော- ဆိုတာကတော့ တစ်ခါတရံ friend ဘာသာပြန် တယ်။ တစ်ခါတစ်ရံ Venerable ( ဗောဓိရာဇ ကုမာရသုတ်မှာ) တွေ့ ရတယ်။ မြန်မာအလိုကတော့ ငါ့ရှင် လို့  ဘာသာပြန်ပါတယ်။ တစ်ခါတရံ ဒါယကာ လို့ လည်း (၀ိနယပါဠိ- မဟာပေသကာရ သိက္ခာ ပဒ) ဘာသာပြန်တာတွေ့ ရတယ်။

ဘန္တေ ကတော့မြတ်စွာဘုရားကိုလည်း ဘန္တေ လို့  ရဟန်းတော်များက သုံးပါတယ်၊ ကိုယ့်ထက် ကြီး သူကို ဘန္တေ လို့  သုံးနိုင်ကြောင်း ရှင်းပြတယ်။

ပြီးတော့ အနားသတ် အနေနဲ့  ဒီမှာတော့ ဘိက္ခု တေဇောဘာသော၊ ဘိက္ခု ဂဝေသကော ၊ ဘိက္ခု ဌိတဓမ္မော သုံး တာ ရှိတယ်။ အဲဒါ ပါဠိ အသုံးနှုန်းနဲ့ ကွာနေကြောင်းရယ်။
ဘွဲ့ နာမည် မသိရင် ဘန္တေ လို့ ပဲ ခေါ်ပါ။ ထေရ၀ါဒ ရဟန်းတော်တိုင်း နားလည် ကြပါတယ်။ သိကြပါ တယ်။


ဦးဇင်း ဘုန်းကြီး စတဲ့ အသုံးတွေဟာ နိုင်ငံ အသီးသီးရဲ့  ကိုယ်ပိုင် အသုံးနှုန်းတွေဖြစ်တာမို့ ဒီမှာတော့ ဘန္တေ လို့  သုံးကြရင် ပိုသင့်တော်မည် ဖြစ်ကြောင်း သွန်သင် လမ်းပြ ညွှန်ကြား ခဲ့လေတော့သတည်း။


ဒီလိုနဲ့  မာဃ ပူဇာ ဒေးဟာ သူတို့  ကျေနပ် နှစ်သက် သဘောကျတဲ့ တော့ပစ် ခေါင်းစဉ် လေး ဖြစ်သွား ခဲ့ပါ တယ် လို့  ထင်မိပါတယ်။ သူတို့  မျက်နှာမှာလည်း အပြုံး ကိုယ်စီ ကိုယ်စီ ရှိကြပါတယ်။ ဘာပဲ ပြောပြော ကိုယ်ကတော့ ပြော-ရတာတန်တယ်။ ပြောချင်တဲ့ စကား အိတ်သွန် ဖာမှောက် သူတို့  ရင်ထဲအ ရောက် ပို့ လိုက်ထည့်လိုက်ရလို့ .....။

နားထောင်သူတွေရဲ့  ဘန္ထေ ဘန္ထေ .... ဆိုတဲ့ စိတ်မှ ရေ ရွတ်တဲ့ အသံကို စိတ်နဲ့  နားထောင် ခဲ့ရလေတော့တယ်။
သာဓု... သာဓု... သာဓု





မှတ်ချက်။ ။ ဒီ မာဃ ပူဇာ ဒေး မတိုင်ခင်က ဘာပြောရမလဲ လို့  စဉ်းစားနေတာ။
ဒီမှာ အတူနေသူက အရှင့်ရင်ထဲ မှာ အစာ အပြည့် ရှိတာပဲ။ ပြောချင်တာ ပြောပါတဲ့။ ကိုယ့်မှာက ဟုတ်တော့လည်း ဟုတ်တယ်။ ဆောင်းပါးထဲမှာ ပြောခဲ့သလို ဒီအကြောင်းရာက ကိုရင်လေးများ တောင် သိနေကြတဲ့ အကြောင်းရာကို။ ဒါပေမယ့် ဘာကို စကိုင်ပြောရမှန်း မသိဖြစ်နေတယ်။
စိတ်ကူး ထားတာ တွေတော့တော်တော်များများရှိပါတယ်။ အဲဒီနောက် အိန္ဒိယ ဒေါက်တာ လျောင်းလျာ သူငယ်ချင်း တစ်ပါး ကို မေးကြည့်တယ်။ ဘာပြောရရင် ကောင်းမလဲလို့ ပေါ့။ သူက သံဃ အကြောင်း ရေးထားတဲ့ ကျမ်း ကို ပေးပါတယ်။ ကိုယ်ကလည်း သူပေးတဲ့ ကျမ်းကို ဘာတွေ ရေးထားသလဲလို့  နိဒါန်းကြည့်တော့ ၀ိနည်းပါဠိတွေထဲက ရေးထားတာပဲ လို့  သိတာနဲ့  ၀ိနည်း စာအုပ်ထဲ မူရင်း မြန်မာ စာအုပ်ကနေ ကိုယ် ပြောချင်တဲ့ အကြောင်းရာတွေ ဗလာ စာရွက် တစ်ပိုင်း နဲ့ မြန်မာလို ရေးထားလိုက်ပြီး ကိုယ့် စိတ်ကြိုက် ပြောခဲ့ ပါတယ်။ ခုလို ကူညီတဲ့အတွက် သူငယ်ချင်း ကိုလည်း ကျေးဇူးတင်ကြောင်းပါ။ နောက်များလည်း အညမည ပစ္စည်း တပ်ကာ ကူညီ နိုင်ပါစေ...။


မြတ်ရောင်နီ
(၀၅၊၀၃၊၂၀၁၀)

No comments:

Post a Comment