Pages

Wednesday, March 17, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၄

မာစတာ တရား စခန်းပွဲကြီး ကျင်းပနေပါတယ်

တရားစခန်းပွဲကြီးလို့ ပဲ ပြောရမယ်ပေါ့လေ။ ကျင်းပလာတာ ရက်ရှည်လရှည်ပါပဲ။ တရား အသိ သတိ ကင်းပြီး သာမန်ကာလျှံကာ မသိမသာလေးနေရင် ကိုယ့်ကိုယ်ကို မသာ ဖြစ်မှန်း မသိတဲ့ ဘ၀ မှာ နေရ သလို ပါပဲ။ ဒါက ကိုယ့်စကားမဟုတ်ပါဘူး ၊ ဘုရားရှင်က -
အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ၊
အပ္ပမတ္တာ န မီယန္တိ ၊ ယေ ပမတ္တာ ယထာ မတာ။ ( ဓမ္မပဒ )

သတိလေးတရားနဲ့  နေခြင်းဟာ မသေရာ သွားရာ လမ်းကြောင်း။
သတိကင်းမဲ့ နေခြင်းဟာ သေဖို့ ရာ သွားရာ လမ်းကြောင်း။
သတိရှိသူဟာ မသေတဲ့သူ။ သတိကင်းတဲ့သူဟာ အသက်ရှင်လျက် မသာဖြစ်နေသူ။


ဒါကို ကြည့်ပြီး ကိုယ့်အတွေးစကားနဲ့  ပြောမယ်ဆိုရင်တော့ - အသိကင်းပြီး ပေါ့ပေါ့လျော့လျော့ နေသူဟာ တရား မသိတော့ ။ မသာ ဖြစ် တဲ့သူနဲ့ တူတယ် တဲ့လေ။ ဒီစကား ကိုလေးကို အမြဲ ဆင်ခြင် သင့်တယ်။ မသိ မသာ လေး ။ မသိ မသာ လေး...လို့ ။ ဘုရားစကားတော်နဲ့ ကပ်ပြီး တော့ ပေါ့။

ခုတရားစခန်းပွဲကြီး ဖြစ်သွားတာကလည်း အချိန်ရောက်လာလို့  ပြောရမယ်။ အချိန်မတန်ရင် ကိုယ်ဖြစ်ချင်ပေမယ့် ဖြစ်မလာတတ်ဘူးလေ။ တရားအားထုတ်ချင်တယ်၊ အားထုတ်ရမယ်လို့ သိတာ ဟာ ကိုယ့်မှာ ညစ်နေတဲ့ စိတ်တွေ သန့် ရှင်းအောင် စိတ်ဆင်းရဲတာတွေ ပျောက်အောင် အေးချမ်း မှု ကို ရှာကြတာပဲ။

သတိပဋ္ဌာန်သုတ်မှာ အကျိုး (၇ )မျိုးရနိုင်ကြောင်း ပြောထားပါတယ်။ လူသူ အားလုံးအတွက် စိတ်စင်ကြယ်ဖို့ ၊စိတ်သောက ကင်းဖို့ ၊ ငိုရတာကင်းဖို့ ၊ကိုယ်ဆင်းရဲ ကင်းဖို့ ၊ စိတ်ဆင်းရဲကင်းဖို့ ၊ အမှန်သိဖို့ ၊ နိဗ္ဗာန် ရောက်ဖို့ တဲ့။

အဲဒီလို ပြောထားပေမယ့် လူတိုင်း အကျိုး ( ၇) မျိုးလုံးကို တိတိကျကျ နားလည်လို့ တရား အားထုတ်ခြင်စိတ်ပေါ်တာ မဟုတ်ဘူး။ သူတို့  လက်ရှိ စိတ်တွေ ရှုပ်ထွေးလို့  အေးအေး ဆေးဆေး ဖြစ်ချင်လို့ သာပါ။

နိဗ္ဗာန်ဆိုတာ ဘာသာတရား အရပဲ လိုချင်တာ ဘာညာ ပြောကြတာ။ တကယ်တမ်းက ခုလောလောလတ်လတ် ကိုယ်ချမ်းသာ စိတ်ချမ်းသာ နေချင်ကြတာ များပါလိမ့်မယ်။ စဉ်းစားစရာ ပေါ့။ ခုကိုယ်က နေ့ စဉ်ကျောင်းသွားနေတာ။ သင်တန်းတက်နေတာ။ ဘယ်လိုလုပ်ပြီး တရားစခန်းပွဲကြီး ကျင်းပ နေသလဲပေါ့။

ဟုတ်ပါတယ်။ ရှင်းအောင် လင်းပေးပါ့မယ်။ တရားစခန်းပွဲကြီး ဆိုတာ ရက်ရှည် လရှည် သင်တန်းတက်နေတာနဲ့ အမျှ တရားစခန်းပွဲကြီး ကျင်းပတယ်လို့ ဆိုရပါလိမ့်မယ်။

တရားတော်နဲ့  အညီ သွားနေရင်၊ အလုပ်ဖြစ်နေရင် တရား နဲ့  စခန်း သွားနေလို့  တရား စခန်း လို့  ပြောရပါမယ်။

စခန်း ဆိုတာ တကယ်တမ်းတော့ စစ်အသုံးနှုန်းက စခဲ့လေရောသလားပဲ။ တောထဲမှာ စခန်းချ၊ ရန်သူများ ရှေ့ မတိုးအောင်ပေါ့။ ရန်သူလာလည်း ပစ်ချမယ်။ သတ်ပစ်မယ်ပေါ့။ ဒီစကားကို အစွဲပြုပြီး တရား စခန်းလို့  ပြောကြလေသလား- လို့  တွေးမိပါတယ်။

ပြောမယ်ဆိုလည်း ပြောလို့ ရနိုင်ပါတယ်။ တရားထိုင်တယ် ဆိုတာ လည်း ရန်သူကို သတ်ရ တာပဲ လေ။ နီဝရဏဆိုတဲ့ အနှောက်ယှက်။ စိတ်ကို လမ်းဖြောင့် လမ်းမှန် ရှေ့ မသွားနိုင်အောင် လုပ်တဲ့စိတ်တွေ။ လိုချင်တာ၊ မကျေနပ်တာ။ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်တာ၊ စိတ်ပြန့် လွင့်တာ ၊ ပူပန်နေ တာ၊သံသယတွေ ဗလဗွ တွေပေါ့။အဲဒါတွေပဲ ရန်သူတွေက။ ဒီရန်သူတွေကို သတ်ဖို့ ပဲ။ ရန်သူသေရင် စခန်းအောင်ပွဲ ကျင်းပလို့  ရပြီ။ ရန်သူကျန်နေသေးသမျှ ကိုယ့်ကို ပြန်ဆော်ပြီသာမှတ်ပေတော့။

ကျောင်းသင်တန်း စတက်ချိန်မှာတော့ ကိုယ်တစ်ပါးတည်း ရွှေကိုယ်တော်။ ကျန်တာက ထိုင်းတွေပေါ့။ ထိုင်းနဲ့  မြန်မာဆိုတာ နဂိုရ်တုံးက တိုက်ဖူး ခိုက်ဖူးကြတယ်လေ။ မြန်မာက နိုင်တယ် ဆိုပါတော့။ ကိုယ်ကလည်း ပါးစပ်က တစ်ဆင့်စကားတွေ ပြောတာ ကြားဖူးတယ်။ မြန်မာတွေကို ထိုင်းတွေက အဲလိုလေးတွေ ဖြစ်ပျက်ဖူးတော့ အချို့  ထိုင်းတွေ စိတ်ထဲမှာ မြန်မာမြင်ရင် စိတ်ထဲမှာ ကလိကလိ ရှိတတ်တယ်-တဲ့။ အများက ပြောကြ ဆိုကြတာပါ၊ ဟုတ်ချင်မှလည်း ဟုတ်မှာပါ၊ ဟုတ်ချင်လည်း ဟုတ်မှာ။ လူ တစ်ကိုယ် စိတ်အမျိုးမျိုးပေါ့။ စိတ်တစ်မျိုး တော့ ဟုတ်ဘူးနော။ လူတွေ အပေါ်မှာ မူတည်ပါလိမ့်မယ်။

ဒါပေမယ့် ဒီမှာ ကိုယ်သိတဲ့ သူတွေကတော့ အဲဒီမာန တွေ၊ အာဃာတတွေ ကိုသတ်ပစ်နိုင်
ကြတယ်။ ဆ၀ါဒိခ ဆိုပြီး အပစာယန ရိုသေတဲ့ အမူရာ နဲ့ သင်တန်းထဲ ၀င်တာနဲ့  ကြိုဆိုတယ်။ သူတို့ က နေ့ စဉ်ဆိုသလို ဖျော်ရည်ဖြစ်ဖြစ်၊ ရေနွေးကြမ်းဖြစ်ဖြစ် တစ်ခုခု ကပ်တယ်။ တစ်ခါတစ်ခါလေ များဆိုရင် အအေးကပ်သူ အပူကပ်သူ တွေ စုံသွားလို့ နှစ်မျိုး ရောပြီး ၀မ်း ကသိအောက်ဖြစ်သွား ရတောင် ရှိသေးတယ်။

အဲဒါ စဉ်းစားကြည့်ရင် အလှူလုပ်တာဟာ လောဘ- အလိုတွေ ကိုလျှော့နိုင်တာ။ သတ်နိုင်တာပဲ။ ဒါနပေါ့။ ဒါက ကျောင်းသားတွေရဲ့  ဒါနစခန်း၊ လောဘသတ်ပွဲ၊ လောဘရန်သူ အောင်ပွဲ။

ဆရာမကြီးဆိုတာကလည်း ပညာကိုလည်း တစ်နာရီ တစ်ယူရိုပေးရတဲ့ သင်တန်းကြေးကို ပေးစရာမလိုပဲ ဖရီးသင်ပေးတယ်။ ပညာဒါန အလှူ။ တစ်နေ့  လေးနာရီသင်ရတာ။ တစ်ပတ်လုံးလုံး သင်တန်းက။တစ်ပတ်ကို တွက်ကြည့်ရင်(၂၈)ယူရိုပေါ့။ လိုအပ်ရာရာ သင်တဲ့ စာအုပ်တွေကလည်း လှူသေးတာ။ ဒါတင်မကဘူး ဆောင်းတွင်းအတွက် လက်အိတ်တဲ့ လှူလိုက်သေးတာ။ အခြားလိုအပ် သေးလား က မေးသေးတယ်။ အော် ..တော်လိုက်ကြတာ။ ဒါန စခန်းကြီးပေါ့နော်။

အပစာယန- အရိုသေပေးတာ၊ ပြီးတော့ သောက်ပြီးသား ခွက်များကို ဆေးကြောသိမ်းဆည်းပြီး သန့် ရှင်းအောင် ပြုလုပ်ပေးတဲ့ ဝေယျာဝစ္စတွေ ဟာ သူတို့ ရဲ့ အကျင့်ကောင်းပဲ။ ဒါကို ပုညကိရိယ ၀တ္ထု ဆိုတဲ့ ကုသိုလ် ဖြစ်ကြောင်းထဲ ထည့်သွင်းလိုက်ရင် သီလ စခန်း လို့  ပြောရမယ်။

အားလုံးဟာ မာနတွေ အောက်ချ ၊ မာနတွေကို သတ် ၊ ဒေါသကို သတ်နိုင်တယ်ပေါ့။ သူများ အကျိုးဆောင်ရွက်တတ်တဲ့ မေတ္တာပါလို့ မေတ္တာရဲ့  ဆန့် ကျင်ဘက် ဒေါသ ကို သတ်နိုင်တယ်လို့  ယူနိုင်ပါတယ် လို့  ပြောတာပါ။

ပြီးတော့ မကြာသေးခင်က စပြီး ဒါန သီလ စခန်းအပြင် ဘာဝနာစခန်း စဖြစ်ခဲ့ပါတယ်။ လုံဖိ တေဇော သင်တန်းပြီး ၁၀ မိနစ် ၁၀ မိနစ် တရားပြပေးပါတဲ့။ အချိန်ပေးနိုင်သလားပေါ့။ နေ့ စဉ် စာတွေ သင်ရတာ၊ အလုပ်တွေ များတာ နဲ့  ကိုယ်ပင်ပန်း စိတ်ပင်ပန်းမှု ပျောက်အောင်ပေါ့တဲ့။ သူတို့ တရားထိုင်ရင် ပင်ပန်းတာတွေ ပြေတယ်ဆိုတာ သဘောပေါက်ထားကြတယ် ထင်ပါ့။

ကိုယ်ကလည်း ပြောလိုက်ပါတယ်။ ဟုတ်ပါတယ်။ ပင်ပန်းမှုလည်း ပြေပါတယ် ။ တရားက ထိုင်သင့်ပါတယ် လို့ ။ တရားကတော့ ၁၀ မိနစ်မကပါဘူး။ နာရီဝက်လား၊ တစ်နာရီလား ရပါတယ်။ ကျောင်းပြန်ရောက်လည်း တရားထိုင်ရမှာပဲပေါ့။ ကိုယ့်အပြောကြောင့် ဆရာမလည်း သဘော ကျ သွားတယ်။ကျေးဇူးတင်တယ် ဘုရား ပေါ့။

အဲလိုနဲ့  နေ့ စဉ်နီးပါး သင်တန်းပြီးတာနဲ့  သင်တန်းသူ သင်တန်းသားနဲ့  အတူ ဆရာမ အပါဝင် ဘာဝနာစခန်းသွားပါတယ်။

တရား မထိုင်ခင် တိုတိုတုတ်တုတ် ဘုရားရှိခိုးပေါ့။ အဲဒါကိုတော့ သူတို့  ထိုင်းဘုရားရှိခိုးအတိုင်း ရှိခိုးလိုက်တယ်။ ရှိခိုးပုံ- အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဘဂ၀ါ ၊ဗုဒ္ဓံ ဘဂ၀န္တံ အဘိဝါဒေမိ၊ သွာက္ခာတော ဘဂ၀တာ ဓမ္မော၊ ဓမ္မံ နမဿာမိ၊ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ သံဃံ နမာမိ ၊ အဲဒီနောက် နမော တဿ သုံးခေါက်။

(အဲ...နမော တဿ သုံးခေါက်ဆိုလို့  စကားညှပ်ပြီး ပြောရဦးမယ်။ တကယ့် အဖြစ်ပျက်လေးပေါ့။တစ်ခါတုန်းက မောင်ရင်လောင်း ( ရှင်လောင်း) ကိုဆရာဘုန်းကြီးက နမော တဿ သုံးခေါက် ဆိုလို့  ပြောလိုက်တော့ နမော တဿ ၊ နမော တဿ ၊နမော တဿ။ တဲ့။) အဟဲ.. တကယ်ကြီး...။စာဖတ်သူတွေကတော့သိနေပြီး သား ဆိုတာ ယုံပါတယ်။

တရားထိုင် ပြီးတော့ မြန်မာ ပုံစံ ကိုယ်က ရှေ့ ကတိုင်ပေးပြီး ဗုဒ္ဓံ ပူဇေမိ၊ ဓမ္မံ ပူဇေမိ၊ သံဃံ ပူဇေမိ ၊ ဣမံ ပုညံ သဗ္ဗသတ္တာနံ ဟောတု- ဆိုပြီး ရတနာသုံးပါး ပူဇော် အမျှဝေ ခဲ့တယ်။ ဒီလို ဘာဝနာ စခန်း သွားနိုင်တာလည်း သူတို့  ရဲ့  ပင်ပန်းမှုတွေလည်း ပြေသွားတယ်လို့  ဆိုပါတယ်။

ကိုယ့်အပေါ် အစစရာရာ မေတ္တာ ထားခြင်း၊ ကိုယ်ကလည်း မေတ္တာထားခြင်းတွေကလည်း ဘာဝနာ စခန်းမှာ ထည့်လည်း ဖြစ်ပါတယ်။ အများထင်နေကြတာက တရားစခန်း ဆိုတာ နာမည် ကြီး တစ်လုံးနဲ့ တရား စခန်းလို့  ရေးထားမှလို့  တရားစခန်းလို့ ထင်ချင် ထင်မယ်။ တရားစခန်းဖွင့်တဲ့ နေရာမှာ တရားထိုင်မှ တရားစခန်းလို့ လည်း ထင်ကြပါလိမ့်အုံးမယ်။

ဒါန စခန်း၊ သီလ စခန်း ၊ နေ့ စဉ် မေတ္တာ ဘာဝနာစခန်း၊ ဆင်းရဲတဲ့ ဒုက္ခသည်တို့ ကို ကြည့်ကာ သနားကြင်နာခြင်း ၊ ကိုယ်ချင်းစာ ကရုဏာ ဘာဝနာ စခန်း၊ သူများ ချမ်းသာတာကြည့်ပြီး မနာလိုမှု ကင်း ၀မ်းမြောက်ခြင်းရှိတတ်တဲ့ မုဒိတာ စခန်း၊ ပုံမှန်စိတ်ထားတဲ့ ဥပေက္ခာစခန်း နေ့ စဉ် ဖွင့်နိုင်ရင် လည်း နေရာတကာ တရားစခန်းပွဲကြီး ကျင်းပနိုင်တယ် ဆိုတာ သင်တန်းက အတွေ့ ကြုံများ ဖြင့် ပြောပြရေးလိုက်ခြင်း ပင်ဖြစ်ပါတော့တယ်။
တတ်နိုင်သမျှ ကိုယ်စီကိုယ်ငှ အားထုတ်နိုင်ကြပါစေ...



မှတ်ချက်။ ။ သင်တန်းသူများက ဆရာမပြောစကားနားထောင်ပြီး တရားထိုင်ကြတာကို အတော် လေး သဘောကျမိတာနဲ့  ရေးဖြစ်တာပါ။ ဒါနလုပ်တာ၊ အရိုအသေပေးတာကို အဓိက ပြောလို ရေးသား တာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ အစစ် ဖြစ်တဲ့သူတိုင်း ဒီ ဒါန၊ ဝေယျာဝစ္စ အလုပ်က ခပ်ပါးပါး လေး အလုပ်ပါ။ တရားထိုင်ဖို့ ဆိုတာ အင်မတန် ခဲရင်းတတ်ကြတယ်။ အတော်လေး စဉ်းစား နေတယ်။ လူကြီးတွေ အလုပ်လို့  အထင်မှား အမြင်မှားလည်း ရှိတတ်ကြတယ်။ ဘုန်းကြီးတွေ သာ လုပ်ရမည့် အလုပ်လို့  ထင်ကြလိမ့်မယ်။ မသိ မသာ လေး မဖြစ်အောင် သိသိသာသာ အသိသာ အောင် ကြိုးစားနိုင်ကြပါစေ ရည်ရွယ်လိုက်တာပါ။


မြတ်ရောင်နီ
(၁၇၊၀၃၊၂၀၁၀)

No comments:

Post a Comment