Pages

Tuesday, March 9, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၂

စပ်ရာ စပ်ရာ ကွစိ ကွစိ

အပိုင်း ( က)


ဟို...အတိတ်ဆီတုံးက ကြားဖူးခဲ့တာ။ သူများအကြောင်းတော့ မပြောတတ်ပါ...စပ်မိ စပ်ရာ ကွိစိ ကွစ...တဲ့။(သီချင်း) သီချင်းထဲမှာတော့ ...တော့ မပြောတတ်ပါ လို့  ပြောထားပေမယ့် သူများ အကြောင်း နဲ့ ပါတ်သက်ပြီး ဆိုထားသလိုပဲ...။ ဘာလဲတော့မသိ ။ အဟိ။ ကွိစ ကွစ- တဲ့။

ကိုယ်ကတော့ ပြောလိုက်ချင်ပါတယ်။ ကိုယ်အကြောင်းကိုပဲ ပြောချင်တယ်။ စပ်ရာ စပ်ရာ ကွစိ ကွစိ။

စနေနေ့ ဓမ္မသင်တန်းမှာ သင်ပေးတဲ့သုတ်ကတော့ ဗောဓိရာဇကုမာရ သုတ်။ အရင်တစ်ပါတ်က မပြီးသေးတဲ့ သုတ်ပါ။ အရင်တစ်ပါတ်ကတော့ သင်ရင်းနဲ့ လွယ်ကူသော အကျင့် လျဉ်သော အသိ ဉာဏ် ဆိုပြီး အတွေးပေါ်ခဲ့တဲ့အတိုင်း ဆောင်းပါးတစ်ပုဒ်ရေးဖြစ် သွားတယ်။

ခုလည်း စာသင်ရင်းနဲ့ ပေါ့။ ဗောဓိသတ္တ ဘုရားလောင်းဟာ ဦးရာမရဲ့ သား ဆရာကြီး ဥဒက ရသေ့ထံ တရားရှာဖွေခဲ့ရာ ကာလာမနွယ်ဖွား ဆရာကြီး အာဠာရထံ သင်သလိုပဲ တတ်မြောက်တာ က လွယ်လင့်တကူ ဈာန်အကျင့် တရားကို ရရှိသွားပါတယ်။ အာဠာရ ဆရာကြီးရဲ့  အကျင့် လမ်းစဉ် က အရူပဘုံ တတိယဘုံ ဖြစ်တဲ့ အာကိဉ္စညာယတန ဘုံစံရမယ်။ နောက်ထပ်တွေ့ တဲ့ ဆရာကြီး ဥဒက လမ်းစဉ်ကတော့ နေ၀သညာနာသညာယတန ဘုံကိုစံစားရမယ်။ အရူပစတုတ္ထဘုံ။ အမြင့်ဆုံးဘုံပေါ့။

ဒီလိုပြောလိုက်ရင် တို့  မြန်မာတွေပဲ ဗဟုသုတရှိသူတို့ သာ နားလည်မှာပေါ့။ ဓမ္မဗဟုသုတ အပါးမ၀ သေးတဲ့သူတို့ ကျ ဒီက လူတွေကို ပြောသလို ရှင်းပြရပါလိမ့်မယ်။

ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ အဆိုရှိတဲ့အတိုင်းပဲ ဘုံက (၃၁)ဘုံ ရှိပါတယ်။ အဲဒါတွေက အပါယ်လေးဘုံ- ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်။
ကာမသုဂတိ ခုနှစ်ဘုံ-၁။ လူ့ ဘုံ၊ နတ်ဘုံ ခြောက်ဘုံ ၁။ စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတ၀သ၀တ္တိ။
ရူပ ဆယ့်ခြောက်ဘုံ-ဗြဟ္မပါရိသဇ္ဇာ၊ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ၊( ပဌမဈာန်သုံးဘုံ)။
ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ ( ဒုတိယဈာန်သုံးဘုံ)။ ပရိတ္တသုဘာ၊အပ္ပမာဏသုဘာ၊သုဘကဏှာ (တတိယဈာန်သုံးဘုံ)။
ဝေဟပ္ဖလာ၊ အသညသတ်ဘုံနှင့် သုဒ္ဓါဝါသ ငါးဘုံ ( စတုတ္ထဈာန်ဘုံ)။
သုဒ္ဓါဝါသငါးဘုံဆိုတာ အ၀ိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌာဘုံ။
အရူပလေးဘုံ= အာကာသာနဉ္စာယတန၊ ၀ိညာဏဉ္စာယတန၊ အာကိဉ္စညာယတန၊ နေ၀သညာနာ သညာယတန ဘုံတို့ဖြစ် ပါ တယ်။


သူတို့ ကိုတော့ ဒီလောက် အကျယ်ကြီး မပြောဘူး၊ သုံးဆယ့်တစ်ဘုံ ဆိုတာ အပါယ်လေး ဘုံရယ် ၊ လူ့ ဘုံရယ်၊ ပြီးတော့ နတ်ဘုံကခြောက်ဘုံ၊ ရူပဘုံ ဆယ်ခြောက်ဘုံ၊ အရူပလေးဘုံလို့  ပြောလိုက်တာပါ။

ဘုံဆိုတာ ဘူမိပါဠိကလာတာပါ။ ဒီနေရာမှာ နေရာအရပ်ကို ဘူမိ-ဘုံ လို့  ဆိုရမှာပါ။ ဘူမိဆိုပြီး မြေကြီး လို့ မှတ်မှာစိုးရတယ်လေ။ ဘူမိဗေဒ၊ ဇလဗေဒ ဆိုတဲ့ ဘာသာရပ်တွေက လူများအဖို့ နားယဉ် ပြီးသားကို။

ခုဒီလို ပြောလိုက်တော့ အရူပဘုံ ဆိုတာ အရူပ ဗြဟ္မာတို့  နေရာ အရပ်ဒေသ ဆိုတာ သိသွားပြီပေါ့။
ဘုရားမပွင့်မီ နှင့် ပွင့်ဆဲ ကာလမှာ ဒီဗြဟ္မာကိုပဲ ဖြစ်ချင်ကြတာပါ။ ဗြဟ္မာကိုလည်း အားကိုးတယ်။ အားကိုးကြတဲ့အတိုင်းလည်း ရှိခိုးရိုသေကြတာပေါ့။ ဗြဟ္မာတို့ သက်တမ်းဟာ ကမ္ဘာနဲ့  ချည်ပြီး ရှည် လျားပါတယ်။

ဒါကြောင့်လည်း လူတိုင်းက ဗြဟ္မာ ဖြစ်ချင်ကြတာလည်းပါတယ်။ ခုဆရာကြီးတို့  ကျင့်တာလည်း ဗြဟ္မာ ဖြစ်ကြောင်း လမ်းစဉ်တွေပါပဲ။မြတ်စွာဘုရားကတော့ မိဘတွေကို ဗြဟ္မာနှင့်တင်စားထားတာ ရှိတယ် ဆိုတာ ရှင်းပြခဲ့တယ်။ အင်္ဂုတ္တရနိကာယ် တိကနိပါတ်မှာပေါ့။ ဗြဟ္မာဆိုတာ မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ ဆိုတဲ့ဗြဟ္မစိုရ်တရား ရှိလို့  ၊ ဗြဟ္မစိုရ်တရားပွါးများနေလို့ ဗြဟ္မာခေါ်တာပါ။

အဲလိုပဲ မိဘဆိုတာလည်း သားသမီး အပေါ်မှာ ၀မ်းမှာလွယ်ကတည်းက မေတ္တာ ရှိပြီးသား။ သားသမီး ဒုက္ခရောက်မှာစိုးပြီးသား။ သားသမီး ဒုက္ခရောက်တာ မြင်လည်း သနားစိတ် အပြည့်ရှိပြီးသား။ သားသမီးကြီးပွါးတာ မြင်ရလျင်လည်း ပျော်တပြုံးပြုံး မော်မဆုံး နိုင်တဲ့ မုဒိတာ တင်းပြည့်ကျပ်ပြည့်။ လျစ်လျု ရှုရမည့် အချိန်ရောက်တော့လည်း သူ့ ကြင်ဖော်နဲ့ သူ ရှိပါစေ၊ နေနိုင်ကြပါပီလေ ဆိုတဲ့ ဥပေက္ခာ ထားကြတယ် လို့  ရှင်းပြပါတယ်။

ဒီနေရာမှာ နှိုင်းယှဉ်ပြခဲ့ပါတယ် ။ ဗုဒ္ဓဘာသာ ဖြစ်တဲ့ မြန်မာ ထိုင်း သီရိလင်္ကာ နိုင်ငံတို့ နဲ့  အနောက် နိင်ငံများကိုပေါ့။ မြန်မာနိုင်ငံလို့ ချည်း ပြောလို့ က မဖြစ်ဘူး။ သင်တန်းသားက ထိုင်းပါနေတော့ အစုံထည့်ပြောလိုက်တာပေါ့။ သတိထားရတယ်ဗျို့ ၊ မြန်မာ မြန်မာ လို့ ချည်းသာ ပြောရင် တပည့် တော်မတို့ နိုင်ငံလည်း ဒီတိုင်းပဲလို့  ထပြောရင် ခက်မယ်။ (မြန်မာလိုတွေးကြည့်တာပါ)။ ခုတော့ သူနိုင်ငံပါသွားတော့ ခေါင်း တဆတ်ဆတ်ပေါ့။

ယှဉ်ပြီး ရှင်းပြတာက ဒီလိုပါ။ မာဃ ပူဇာ ဒေး က ခဏနားချိန် လူတွေနဲ့ လမ်းလျှောက်ဖြစ်ခဲ့ကြတယ်။ တရားသဘော ပြောရင်း လောကီရေးရာတွေပါ ပါသွားတယ်ပေါ့။ လောကီရေးရာဆိုတာက ဒကာက ဒီလို စပြောတယ်။ သူမှာ သမီး အသက် (၁၇)နှစ်ရှိပြီ။ သူ ကျောင်းထားပေးနေတာပေါ့။ နောက်တစ်နှစ်ဆိုရင် လွှတ်လို့  ရပြီတဲ့လေ။

( ၁၈ ) နှစ်ကျော်ရင် သား သမီး စိတ်ကြိုက် လွတ်လပ်စွာ နေလို့ ရတယ်။ ယောကျာ်းပျိုမှ
မဟုတ်ဘူး၊ မိန်းမပျိုလေးလည်း ကိုယ့်တိုက်ခန်းနဲ့ ကိုယ်ခွဲနေလို့ ရတယ်။ ခွဲနေကြတာလည်း ရှိတယ်။
ဟုတ်လားပေါ့။မသိသလိုလို နဲ့  စိတ်ဝင်စားစွားနားထောင်ခဲ့တယ်။

ကိုယ်တို့ နိုင်ငံမှာတော့ အဲလို မဟုတ်ဘူး။ သား သမီးတင် မကဘူး၊ မြေး မြစ် တွေထိ လွှတ်မထား ဘူး။ တီ၊ တွတ် ၊ ကျွတ် ၊ကျွတ်ဆက် ထိ မိဘတွေက အသက်ရှင် မယ်ဆိုရင် စောင့်ရှောက်အုံးမှာလို့ တောင်ပြောလိုက်ချင်သေးတယ်။ (မြေးရဲ့ သားသမီးသည် မြစ်၊ မြစ်ရဲ့ သားသမီးသည် တီ၊ တီ.. တွတ်..ကျွတ်..ကျွတ်ဆတ် လို့  အဆင့်ဆင့်ရေတွက်ပါ )။ မြန်မာတွေရဲ့  နွေးထွေးမှု မေတ္တာ ကြီးမာ တာကို တအားကြီးကို ထည့်ကြွား ချင်လိုက်တာ။ နဲနဲလေးလောက်ပဲ အမှန်တိုင်းပြောခဲ့တယ်။ ကြွားတာက ပိုပြောခြင်း တစ်မျိုးပဲလေ။ အမှန်တိုင်းပဲ ကောင်းတာပေါ့နော်..။ ဟုတ်ဘူးလား။

တကယ်တော့ မြန်မာတွေ သားသမီးကို စိတ်ချလက်ချ လျစ်လျု ရှုတာ က မဆိုစလောက် လျစ်လျု တာပါ။ အေးပေါ့လေ။ တစ်မျိုးစီတော့ ကောင်းမှာပါ။ အားနည်းချက် အားသာချက် ရှိမှာပါလို့ ။ ဘာလို့  ဒကာက အဲလို လျစ်လျူရှုရတာလည်း သူ့ ကို မေးကြည့်တော့ ( I ) အိုင် တုန်းကလည်း ဒီလိုဘဲ မိဘတွေက လွှတ်လိုက်တာ။ လွတ်လပ်ခွင့်ပေးလိုက်တာ။ အေးပေါ့လေ လောက်ပဲ ပြန်ပြော လိုက်ပါတယ်။

ဒါတော့ ထည့်ပြောလိုက်တယ်။ ကြီးလာရင် လူကြီးတွေဟာ အထည်းကျန်တယ်။ အဲဒီအခါ သားသမီးတွေ လိုလာတယ်။ မိဘဖြစ်သူထဲက ယောကျာ်းက ပထမသေမယ်။ ဒါမှ မဟုတ် မိန်းမက ပထမ သေရင်ကွာ တစ်ယောက်ထဲ ဘယ်လို လုပ်ပါ့မလဲပေါ့။ သူကတော့ ညိမ်သွားတယ်။ ကျောင်းလည်း ရောက်ခါနီးနေတာနဲ့  ပြောလက်စ စကား ပြတ်သွားတယ်။

အဲဒီအကြောင်းကို စာသင်တုန်း ထည့်ပြောပြလိုက်တယ်။ ဒါပေမယ့် အဲဒီနေ့  စာသင်တာက မပြီး သေး... နောက်ထပ် စပ်ရာ စပ်ရာ ကွစိ ကွစိ များ ရှိပါသေးတယ်။ အချိန် ဆင်းရဲနေလို့  ဒီလောက်နဲ့ ပဲ ရပ်နားလိုက်ပါအုံးမယ်။

နောက်ထပ် စပ်ရာစပ်ရာ ကွစိ ကွစိ များ အားပေး စောင့်မျှော် ဖတ်ရှုကြလေကုန်။

မှတ်ချက်။ ။ကွစိ ဆိုသည်မှာ အချို့ ။ တစ်ချို့ လို့ မြန်မာလို ဆိုလိုပါတယ်။ ဒီလိုဆိုတော့ စပ်ရာ စပ်ရာ ကွစိ ကွစိ ။ ပါဠိ နဲ့  မြန်မာ ရောသမ မွှေထားတာပါ။

မြတ်ရောင်နီ
(၀၉၊၀၃၊၂၀၁၀)

No comments:

Post a Comment