ဘုရား ရှင်ရဲ့သာဓုသံ
သာဓု . . သာဓုလို့ ခေါ်လိုက်တဲ့ အသံဟာ သာမာန်ကြားနေကြဖြစ်တဲ့ ပရိတ်သတ်ထဲက အသံမဟုတ်ပါဘူး။ မြတ်စွာဘုရားရှင်က ခေါ်လိုက်တဲ့ သာဓုသံပါ။ သာဓုဆိုတာကလည်း သဒ္ဒါကျမ်းဂန်များ အဖွင့်အရ ဆိုရရင်တော့ မိမိအကျိုးစီးပွား၊ သူ့တစ်ပါးအကျိုးစီးပွားကို ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်မျိုးကို “သာဓုခေါ်ထိုက်ပါတယ်” တဲ့။
ယခု မြတ်စွာဘုရားက “သာဓု”ခေါ်နေပါပြီ။ ဘယ်သူတွေ အခေါ်ခံရလဲ၊ ဘာအတွက်
ခေါ်တာလဲ၊ ကြည့်ကြပါစို့၊
မြတ်စွာဘုရားက (ဥာတိက) ဆွေမျိုးတို့ရွာ အုတ်ကျောင်းမှာသီတင်းသုံးနေတော်
မု တယ်။ တပည့်များဖြစ်ကြတဲ့ အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒိယ၊ အရှင်ကိမိလမထေရ်
မြတ်သုံးပါးက ဂေါသိင်္ဂ အင်ကြင်းတော မှာ၊ နေရာကွဲပြားနေတာမို့ မြတ်စွာဘုရားရှင်
ကလည်း တပည့်သားတွေ အပေါ်မှာ မဟာကရုဏာ ကြီးစွာနဲ့ ကိုယ်တော်
တစ်ပါးတည်းနေရာမှ မထေရ်မြတ်သုံးပါးထံ ကြွသွားတော်မူခဲ့တယ်။
တောအ၀င်မှာတော့ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိ” - တရားကိုကျင့်လျှင်
တရားကစောင့်တယ်-တဲ့။ ယခုလည်း တရားကျင့်နေတဲ့ မထေရ်မြတ်သုံးပါးကို တရားကစောင့်ရှောက်တဲ့အနေနဲ့ တောစောင့်ဖြစ် သူက “ရဟန်း . . ဒီတော
အတွင်းကို မ၀င်ပါနဲ့၊ အကျိုးစီးပွားကို လိုလိုလားလားနဲ့ ကျင့်ကြံနေကြတဲ့
အမျိုးကောင်းသုံးယောက် ဒီတောထဲမှာ နေကြတော့ သူတို့ရဲ့ ချမ်းသာမှုတွေကို
ဖျက်လိုဖျက်ဆီး မလုပ်လိုက်ပါနဲ့” တဲ့။
(ဒီနေရာမှာ လေ့လာကြည့်စမ်းပါ။ တောစောင့်က သူ့တာဝန်ကျေပွန်အောင်
ထမ်းဆောင်ပါ တယ်။ မြတ်စွာဘုရားကိုလည်း မြတ်စွာဘုရားဖြစ်တယ်ဆိုတာရယ်၊ မထေရ်သုံးပါးရဲ့ဆရာဖြစ်တယ် ဆို တာကို မသိလို့ ရှိမှာပေါ့၊ ပါဠိတော်မှာတော့
ဘာမျှမပြောပါဘူး)
ဒီ့နောက်တော့ မြတ်စွာဘုရားနဲ့ တောစောင့်တို့ စကားပြောဖြစ်ခဲ့ကြတယ်။
ဒါကို အရှင်အနုရုဒ္ဓါ ကြားသိပါတယ်။ ကြားသိတာနဲ့ပဲ “ဒါယကာ တောစောင့်၊
မြတ်စွာဘုရားကို မတားနဲ့ ၊ ငါတို့ရဲ့ ဆရာမြတ်စွာဘုရားဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာတာပဲ” လို့ အရှင်အနုရုဒ္ဓါ ကပြောပါတယ်။
အရှင်အနုရုဒ္ဓါမှာတော့ ဘုရားရှင်က တို့ဆီကိုလာရောက်ချီးမြှောက်တယ်လို့
သိပေမယ့် တစ်ပါးတည်း မချဉ်းကပ် မကြိုဆိုသေးဘူး။ သဘာဝကျအောင်
သမာသမတ်ဖြစ်အောင် ရည်ရွယ်ကာ အရှင်နန္ဒိယ အရှင်ကိမိလ တို့ဆီ
သွားပြောတယ်။ “အရှင်ဘုရားတို့ အရှင်ဘုရားတို့၊
ကြွပါဘုရား ၊ ကြွပါဘုရား၊ တပည့်တော်တို့ရဲ့ဆရာ ဘုရားရှင်ကြွတော်မူ
လာတယ် ဘုရား ” တဲ့။
(ဒီနေရာမှာသာ တစ်ကိုယ်ကောင်းဆန်ပြီး တစ်ပါးတည်း ခရီးဦးကြိုဆိုမှု
စတာတွေ လုပ်ခဲ့ မိရင် ပုထုဇဉ်တွေ အနေနဲ့ဆိုရင်တော့ ဘယ်လိုစိတ်ထား
တွေဖြစ်လာမလဲ။ ကိုယ်တိုင်ဝင်ပြီး ခံစားနားလည်နိုင်ပါ တယ်။)
မထေရ်သုံးပါးလုံး ဆုံပြီးတဲ့အခါကျမှပဲ မြတ်စွာဘုရားရဲ့ သပိတ်နဲ့ ဒုကုဋ်သင်္ကန်းကို
ယူတဲ့သူ ကယူ ၊နေရာထိုင်ခင်းကို ခင်းပေးသူကပေးလို့၊ ကျန်တစ်ပါးကတော့
ခြေဆေးဖို့ရေ အသင်ပြင်ထား ပေးတယ်။ ဒီလိုပြုမူဆောင်ရွက်တာတွေဟာ
“ကာယသာမဂ္ဂီ” လို့ဆိုရမှာပေါ့ ။ ဒါဟာလည်း ဘုရားရှင် ရဲ့“သာဓု” ခေါ်ချင်
စိတ် ပေါ်ပေါက်ဖို့ နိဒါန်းပဲမဟုတ်လား။
မြတ်စွာဘုရားရှင်လည်း ခြေတော်တို့ကို ဆေးကြောသုတ်သင်ပြီးတဲ့ အခါ
ထိုင်တော်မူပါတယ်။ မထေရ် သုံးပါးကလည်း အသီးသီး သင့်တော်တဲ့နေရာတွေမှာ ထိုင်နေကြပါတယ်။
သင့်တော်တဲ့ နေရာ ဆိုတာက . . .
(၁) နာတိဒူရ- အလွန်မဝေးတဲ့နေရာ။
(၂) နာစ္စသန္န - အလွန်မနီးကပ်တဲ့နေရာ ။
(၃) အနုဝါတ - လေစုန်လေအောက်ဖြစ်တဲ့နေရာ။
(၄) သြနတပ္ပဒေသ - နိမ့်တဲ့နေရာ။
(၅) နာတိသမ္မုခါ - မျက်နှာချင်းဆိုင် မဟုတ်တဲ့နေရာ။
(၆) နာတိပစ္ဆာ - နောက်ကျောဘက် မဟုတ်တဲ့နေရာ လို့ ကျန်းဂန်များက
ဖွင့်ဆိုထား ပါတယ်။
မထေရ်သုံးပါးက နေရာကိုယ်စီယူပြီးချိန်မှာတော့ မြတ်စွာဘုရားရှင်က
အရှင်အနုရုဒ္ဓါကို ဦးတည်ကာ စကားစတင်ပြီး မိန့်တော်မူပါတယ်။
အနုရုဒ္ဓါတို့ ကျန်းမာကြရဲ့လား မျှတကြရဲ့လား၊ ဆွမ်းပြည့်စုံကြရဲ့လား”
“မှန်ပါ့၊ တပည့်တော်တို့ ကျန်းလည်းကျန်းမာ၊ မျှလည်းမျှတ၊ ဆွမ်းနဲ့လည်း
ပြည့်စုံကြပါတယ်ဘုရား” လို့ အရှင်အနုရုဒ္ဓါတို့က လျှောက်ကြပါတယ်။
(တစ်ဦးနဲ့တစ်ဦး စတင်တွေ့ရှိတဲ့အခါ ဒီစကားလေးနဲ့ နုတ်ဆက်ဖို့၇န် မမေ့ပါနဲ့ ။
ဒီစကားလေး ဟာ မြတ်စွာဘုရားရှင်တို့ရဲ့ ထုံးတမ်းအစဉ်လာ ဓမ္မတာ(၃၀) ထဲက
တစ်ခုအပါအ၀င်ဖြစ်တယ်၊ ဗုဒ္ဓရဲ့ လမ်းစဉ်ဖြစ်ပါတယ်)။
မြတ်စွာဘုရားရှင်က နုတ်ဆက်စကားကို မြွက်ဟတော်မူပြီးတဲ့အခါ ဆက်လက်မေးမြန်း
တော်မူပြန် ပါတယ်။ “အနုရုဒ္ဓါတို့၊ သင်တို့တစ်တွေ ညီညွတ်ခြင်း၊ ၀မ်းမြောက်ခြင်း၊
ဆန့်ကျင်ဘက် မပြောဆိုဘဲ ရေနဲ့နို့ရည်ရောသလိုမျိုး တစ်သားတည်းဖြစ်အောင်
နေထိုင်ခြင်းရှိကြရဲ့လား။ အချင်းချင်းနေထိုင် ရာမှာ ချစ်ခင်တဲ့ မျက်လုံးတပ်ဆင်ပြီး
ကြည့်ဖြစ်ကြရဲ့လား”
“မှန်ပါ့ဘုရား၊ တကယ်ပါပဲ မြတ်စွာဘုရား အမိန့်ရှိတော်မူတဲ့ အတိုင်း တပည့်တော်တို့
နေထိုင် ကြတာဟာ “၏” “သည်” မလွဲ တစ်သဝေမတိမ်း ရှိကြပါတယ် ဘုရား”
မြတ်စွာဘုရားရှင်က- “အင်း . . . ဒီလိုဆို ဟုတ်ပြီ၊ သင်တို့တစ်တွေ ဘယ်လိုနည်း စနစ်ကို
အ သုံးပြု ကြသလဲ” လို့ထပ်ဆင့်မေးခွန်း မိန့်တော်မူပြန်ပါတယ်။ အရှင်အနုရုဒ္ဓါ က စတင်
ဖြေဆိုလိုက်ပါ ပြီ။
“မြတ်စွာဘုရား တပည့်တော်တို့ရဲ့ နှလုံးသားမှာ ဒီလိုသီတင်းသုံးဖော်မျိုးတွေကို
တွေ့ရတာ၊ အတူ နေရတာဟာ တပည့်တော်အဖို့တော့ လူဖြစ်ရကျိုးနပ်ပေတယ်လို့
ယူဆတာက တစ်ကြောင်းပါဘုရား။
ပြီးတော့ သူတို့အပေါ်မှာ ရှေ့မှာဖြစ်ဖြစ် ကွယ်ရာမှာဖြစ်ဖြစ် မေတ္တာစစ်ဖြစ်တဲ့
ကာယကံ၊ ၀စီကံ မနောကံ ရှိနေတာက တစ်ရပ်ပါဘုရား။
နောက်တစ်ခုကတော့ဘုရား ကိုယ်ဖြစ်ချင်တာမှန်သမျှ တပည့်တော်စိတ်ကို
အသာဘေးဖယ်ထားကာ သူတို့ဖြစ်ချင်တာကိုပဲ ဦးစားပေးမယ်လို့
တွေးခေါ်စဉ်းစားမိတဲ့အတိုင်း တပည့်တော် နေခဲ့တာ တစ်ဖုံပေါ့ဘုရား။
ဒါကြောင့် ဘုရားတပည့်တော်တို့ဟာလေ တစ်အူတုံဆင်း၊ တစ်ဝမ်းတည်း၊
ညီအကို အရင်းတွေ မဟုတ်ကြပေမယ့် ညီအကိုအရင်းတွေလိုပါပဲဘုရား။
တပည့်တော်တို့သုံးပါးက ကိုယ်ခန္ဓာ ကွဲပြားကြပေမယ့် စိတ်ကတော့ တစ်စိတ်တည်းလို့ဆိုရလောက်အောင်ပါပဲဘုရား”လို့
လျှောက်ထားခဲ့ ပါတယ်။
မြတ်စွာဘုရားရှင်က ကျန်ရှိနေသေးတဲ့ အရှင်နန္ဒိယနဲ့ အရှင်ကိမိလ တို့ကိုလည်း
တစ်ပါးစီမေး မြန်းတော်မူပါတယ် ။ တစ်ပါးချင်းစီဖြေသော်လည်းပဲ အဖြေကား
မကွဲပြား၊ မခြားနား တစ်သားတည်း သာ ဖြစ်ပါတယ်။
တစ်ပါးစီဖြေပြီးတဲ့ အဆုံးမှာ မထေရ်သုံးပါးလုံးက တစ်ပြိုင်နက်တည်း
လျှောက်ထားကြပါတယ်။
“တပည့်တော်တို့ ဒီလိုပုံစံ နည်းစနစ်ကို အသုံးပြုကာ ညီညွတ်ခြင်း၊
ဝမ်းမြောက်ခြင်း၊ ဆန့်ကျင်ဘက် စကားကို မပြောဘဲ ရေနဲ့နို့ရည်ရောသလိုမျိုး
တစ်သားတည်း နေထိုင်ကြပါတယ်။ ချစ်ခင်တဲ့ မျက်လုံး တပ်ဆင်ပြီး ကြည့်ကာနေထိုင်နိုင်ကြပါတယ်ဘုရား” လို့ လျှောက်ထားကြပါတယ်။
မထေရ်သုံးပါးရဲ့ လျှောက်ကြားချက်အပြီးမှာ “အနုရုဒ္ဓါတို့ သာဓု . .သာဓု” လို့
သာဓုခေါ်ခဲ့ပါတယ်။
ဘုရားရှင်ကိုယ်တော်တိုင် ခေါ်ခဲ့တဲ့ သာဓုသံဟာ ယခုထိတိုင်အောင်
ရိုက်ခတ်နေဆဲပင်။
ဒါကြောင့်မြတ်စွာဘုရားရှင်ရဲ့ ရွှေနုတ်တော်က သာဓုသံ အခေါ်ခံရတဲ့
မထေရ်သုံးပါးရဲ့ ကျင့် သွားပုံ နည်းစနစ် အကျဉ်းကတော့ -
(၁) စိတ်ထားမှန်ရှိခြင်း - တွေ့ကြုံတဲ့ အာရုံပေါ်မှာ လောဘ၊ ဒေါသမဖြစ်ဘဲ
ကျေနပ် နှစ်သိမ့် မှုရှိခြင်း။
(၂) မေတ္တာထားရှိခြင်း - သူတစ်ပါးအကျိုးကို ပြုလုပ်၊ ပြောဆို၊ တွေးတောခြင်း။
(၃) အတ္တမထားခြင်း - ဘယ်ကိစ္စမဆို“ငါ”ကို ရှေ့တန်းမတင်ခြင်းတို့ဖြစ်တယ်။
ညီညွတ်ခြင်း ၊ ၀မ်းမြောက်ဝမ်းသာနေထိုင်ခြင်းရဲ့ အကြောင်းတစ်ရားများကိုအထူး
မှတ်သား ကာ အသိရှိသူမှန်သမျှ ညီညွတ်ခြင်း၏ အကြောင်းတစ်ရားများနဲ့ နေထိုင်သွားကြမည်ဆိုပါက ကမ္ဘာ ကြီးဟာ ဗုဒ္ဓဘုရားရှင်ရဲ့ သာဓုသံနဲ့
ထိုက်တန်ပါကြောင်း။
ဗုဒ္ဓမြတ်စွာ၏ သာဓုသံအခေါ်ခံရတဲ့ပုဂ္ဂိုလ် များများပေါ်ထွန်းပါစေဟုသာ . . . ။
အပ္ပမာဒ မဂ္ဂဇင်း
2006 ခုနှစ် ၊ သြဂုတ်လ ၊ အတွဲ(၇) ၊ အမှတ် (၈)
ကောဇာ သက္ကရာဇ် ၁၃၆၈ ခုနှစ် ၀ါခေါင်လ
( ဒီဆောင်းပါးဟာ အပ္ပမာဒ မဂ္ဂဇင်းမှာ ဒုတိယအကြိမ်မြောက် ပါခဲ့တဲ့ ဆောင်းပါဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ညီမဖြစ်သူရဲ့  ကူညီမှုကြောင့် အီးမေးက တစ်ဆင့် ပို့ လိုက်တာနဲ့ 
ဒီဆောင်းပါးကို မမြည်းရသေးသူတို့ သိစေဖို့  ပြန်လည်ဖေါ်ပြလိုက်တာပါ။ )
မြတ်ရောင်နီ
(၀၅၊၀၁၊၂၀၁၀)
ဘုရားရှင့်ဆီမှာ တပည့်တွေအတွက် ခေါ်သံနှစ်မျိုး ရှိတယ်လို့သိရပါရဲ့။
ReplyDeleteအချိုးပြေတဲ့ သာဝကတွေကတော့ လူတော်(သာဓု)(ခုတော့ ဆာဒူးပေါ့လေ)ဆိုတဲ့ ခေါ်သံကို ကြားရတတ်ပါတယ်။
အချိုးမကျတဲ့ သာဝကကိုတော့ လူချော်(မောဃပုရိသ)လို့ ခပ်စပ်စပ်လေးခေါ်တော်မူတတ်ပါသတဲ့။
ခက်တာက တပြိုင်တည်းမှာ လူကချော်ပေမယ့် လူတော်လည်း ဖြစ်ချင်ပြန်သေး။ အော် ဆရာတေဇောရေ။ ပုထုဇ္ဖနောကြီးကတော့ အလုပ်ဖြစ်ပါသကော။
ခု ဘုရားသခင် သက်တော်ထင်ရှားမရှိပေမယ့် သာဓုခေါ်မယ့်သူတော့ မရှားသေးပါဘူး။ (ကဲ အားလုံး သာဓုခေါ်)
(အာ ဖမာ ဖုန်းကီးတွေ အားကီးတန်ခိုး ကြီးလယ်။ သတည်း လို့ဆိုလိုက်တာနဲ့ ဆာထူးသံတွေ ညံဆွားလယ်။ ပြီးတော့ အားလုံး ၀ပ်ဆင်းဆွားတာပဲ၊ ၀တောင် မီနဲ ကျားကန်ထားရလယ်)
ကဲ ကြည့် သာဓုခေါ်မယ့်သူတွေ မရှားပေမယ့် သာဓုခေါ်ထိုက်တဲ့ အခြေအနေမျိုးရောက်အောင်တော့ အားလုံးဝိုင်းတွန်းကြတာပ။
(ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။)