Pages

Monday, January 4, 2010

လွတ်လပ်ပြီ-တရားတော်

အဟမ်း...အဟမ်း...
ယနေ့ ၊ သာသနာနှစ် ၂၅၅၂ခုနှစ်၊
မြန်မာနှစ်၁၃၇၁ခုနှစ်၊ ပြာသိုလ်လပြည့်ကျော်(၅)ရက်၊တနင်္လာနေ့ ။
ခရစ်သက္ကရာဇ် ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီ (၄) ရက်
မြန်မာနိုင်ငံ ရဲ့  လွပ်လပ်ရေးနေ့ ၊ ဒီလို နေ့ မျိုးမှာ ဆွမ်းဒကာ ဒကာမ မိသားစု
တို့  အနုမောဒန၀တ် ရှိသည်အားလျော်စွာ ဥူးဇင်း တို့  အနေနဲ့  ပြန်လည် ကျေးဇူး
သောအားဖြင့် ဟောကြားပေးမယ့် တရားတော်က လွတ်လပ်ပြီ-တရားတော်။
ဆွမ်း ဒကာမ အနေနဲ့  ဆွမ်းစား ပင့်လျှောက်ပင့်ချိန်မှာ ဥူးဇင်း တို့ ကို ဖုန်းကနေ
လျှောက်သွားတာ တပည့်တော် (၄)ရက်နေ့ မှာ ဆွမ်းကပ်ချင်တယ်ပေါ့။
အင်း ဥူးဇင်းများမတော့ မြန်မာလို (၄)ရက်လား၊ အင်္ဂလိပ်လို (၄)ရက်လားလို
့ စဉ်းစားနေချိန်မှာပဲအဲဒီနေ့  က လွတ်လပ်ရေးနဲ့  ဘုရား-တဲ့။ တပည့်တော်မ
အမေကလည်း မြန်မာဥူးဇင်းရောက်တာ ကြာပြီ ခုထိ မသွားဘူးသေးလားဆိုပြီး
ပြောတယ် ဘုရား။ မြန်မာသွေး မြန်မာ့သား ဆိုတော့လည်း အရေးကြီးရင်
သွေးနီးတဲ့ သဘောပေါ့လေ။ ပြီးတော့ဒကာမ က တပည့် မြန်မာဒကာ ဒကာမ
တွေကို လည်း ဥူးဇင်း သေချာရင် တပည့်တော် ပြောလိုက်တော့မယ် ဆိုတော့
ဥူးဇင်းများ အနေနဲ့ ကလည်း ကိုယ့်မြန်မာဆွမ်းကပ်တာဘယ် အပျက်ခံနိုင်ပါ့မလဲ။
အရေးတကြီး အလုပ်ရှိရင် တစ်မျိုးပေါ့လေ။
ကဲ -တရားပဲစပြောကြရအောင်လား... ဒကာမ လျှောက်တဲ့ စကားကို
ကြားပြီးကတည်းက ငါဘာတရား ဟောရင် ကောင်းမလဲ လို့ စဉ်းစားချိန်မှာ
လွတ်လပ်ရေး-နဲ့ ဆိုတဲ့စကားနဲ လိုက်လျောညီထွေရှိအောင် တရားကို စဉ်းလိုက်တာ
ဘုရား မာရ်နတ်ပြောခဲ့တဲ့ စကားကို အမှတ်ရသွားတယ်။ ဘုရားက ငါ လွတ်လပ်ပြီ-တဲ့။
မာရ်နတ်.မာရ်နတ်..မာရ်နတ်...။

တော်တော်ဆိုးတဲ့ မာရ်နတ်။ ဘုရားမဖြစ်ခင်ကလည်း နောက်ယှက်၊ ဘုရားဖြစ်ပြီ
ဆိုတော့လည်း အရှင်ဘုရား အလိုပြည့်ပြီ၊ ပရိနိဗ္ဗာန်ပြုပါတော့လား-လားတဲ့။ ကဲ-
ဒကာ ဒကာမ အပေါင်းတို့  စဉ်းစားကြည့်စမ်းပါ။ ချမ်းသာအောင်ကြိုးစားနေတဲ့သူကို
ချမ်းသာသွားရင် ခင်ဗျားချမ်းသာပြီ သေပါတော့လား ပြောရင် ကြိုက်ပါ့မလား။ ဘွဲ့ ရချင်သူ၊
အာဏာရချင်သူ...တစ်ခုခု လိုချင်တဲ့သူကို သူတို့  အလိုပြည့်ပြီ သေခိုင်းရင် ကြိုက်ပါ့မလား။
ချမ်းသာတာနဲ့ အမျှ ပြန်လည် အသုံးချရမယ်၊ ဘွဲ့ ရလာတဲ့အမျှ ပြန်ဖြန့် ဝေရမယ်၊ အာဏာ
ရှိလာတာနဲ့ အမျှ ပြန်လည် လူထုအကျိုး သယ်ပိုး နိုင်ရမယ် မဟုတ်လား။ ခုတော့ ဘုရား
မဟုတ်ဘဲ ပုထုဇဉ် အချင်းချင်း ဆိုရင်...စဉ်းစားသာကြည့်ပေတော့ ဗျာ။ ဘယ်လောက်
တွယ်လိုက်မလဲ မသိဘူး၊ စကားနဲ့ ရော၊ လက်သီးလက်မောင်းတမ်းပြီး..။ နားလည်အောင်
ပြောပေးတာနော။ ပါဠိမရွတ်တော့ ဘူး၊ ဥရောပ စတိုင် နာပေါ့ဗျာ။
အင်း... မာရ်နတ် ဒီစကားကို လျှောက်တဲ့ အကြောင်းရင်းက မြတ်စွာဘုရားက
သာသနာ စတင် တည်ထောင်ခါစ အချိန် ရဟန်းမှ ခြောက်ကျိပ် (၆၀) သာ
ရှိသေးတယ်။ ဒါပေမယ့် အဲဒီ ၆၀ လုံးက ကွာလတီ အပြည့်ရှိတဲ့ အရှင်ကောင်း အရှင်မြတ်တွေကြီးပါပဲ။ တစ်ပါးတစ်လေမှ ကရော်ကချွတ်မပါဘူး။

ကမ္ဘာလောကကြီးထဲမှာ ဘုရားအပါဝင် ၆၁ ပါးသော ရဟန္တာများသာ
ရှိပါသေးတယ်။ ဘုရားက သူ့ ရဟန်းတွေ အကြောင်းသူသိတော့
အမိန့် ရှိလိုက်ပုံက ငါ-လွတ်လပ်ပြီ၊ မင်းတို့ လည်း လွတ်လပ်ပြီ။
နတ်ကာမဂုဏ်နတ်အာရုံ၊ လူ့ ကာမဂုဏ် လူ့ အာရုံ က နေ ရှင်းရှင်းကြီး ကို
လွတ်လပ်သွားပြီ။ ဟုတ်တယ်ဗျ။ ရဟန္တာဆိုတာ ဘာ အနှောင်ဖွဲ့  သံယောဇဉ်
အမျှင်တန်းမှ ကို မရှိတော့တာ။ အမျှင်တန်းရှိနေလို့ ကတော့ သွားရလာရတာ၊
ဒကာဒကာမတို့ သိတဲ့ အတိုင်း စိတ်က တန်းလန်းကြီး အပူတွေက။
ခု မင်းတို့ တစ်တွေ လွတ်လပ်ပြီဆိုတော့ကွာ လူများအတွက်
ကောင်းနိုးရာရာတွေ လုပ်ပေးကြ၊ စီးပွါးရေး လူမှုရေး၊ ပညာရေး
အစစ အရာရာ စိတ်ချမ်းသာအောင် သွားကြ၊ လာရ။
(ခရီးသွားမပြင်းနဲ့ ) ပြီးတော့ မင်းတို့  လုပ်သမျှကောင်းနေရင်
လူတွေ အတွက်ပါ မဟုတ်ဘူး၊ နတ်တွေပါ သာဓုခေါ်မယ်။
နတ်တွေ အတွက်လည်း တစ်ဖက်တစ်လှမ်းက အကျိုးပြုတာပေါ့။
ဒကာ ဒကာမတို့  စဥ်းစားပါ၊ ဘုန်းကြီးတွေကို သာသနာပြုလွတ်တာ
နတ်တွေကို တိုက်ရိုက်တရားဟောတာတို့  သူတို့ နတ်သြဇာဆွမ်းတို့ ဆိုတာ
ခုခေတ်မှာ ကြားရခဲပါတယ်။ မကြားရသလောက်ပါပဲ။ ဘုရားလက်ထက်
ကတော့ နတ်တွေက ကုသိုလ်ရချင်လို့  လူ ယောင်ဆောင် ဆွမ်းလောင်း
တာတော့ ရှိဘူးပါတယ်။ သိကြားမင်းကလည်း ကပ္ပိယလုပ်ပြီး၊
သံဃာအတွက် လှုပ်ရှားမှုတွေရှိဘူးတယ်။ ကဲ- ထားပါတော့..။
နတ်တွေ အတွက် ချမ်းသာအောင် လုပ်တဲ့ နည်းကတော့ -
ရဟန်းကျင့်ဝတ် ၀ိနည်း စည်းကမ်းလိုက်နာပြီး တရားကျင့်ဖို့ ပဲ။
နာမည်ကြီး ဓမ္မကထိက ကြီးတွေ ဟောတာ ကြားဖူကြပါလိမ့်မယ်...။
ရဟန်းကျင့်ဝတ်၊ တစ်ပါးကျင့်က၊လူနတ်ဦးခိုက်၊ ပူဇော်ထိုက်၏..။တဲ့။
သူတို့  စိတ်ကျေနပ်လို့  ရှိခိုးတာပေါ့ဗျာ။ စိတ်ကျေနပ်တော့
စိတ်ချမ်းသာပြီပေါ့။ ဒါပဲ ဥူးဇင်း အနေနဲ့  နတ်တွေ အတွက် ချမ်းသာ
လုပ်ပေးနည်း လို့ ယူဆပါတယ်။နောက်တစ်ခုက ကိုယ့်ပြုတဲ့ ကုသိုလ်ကို
အမျှဝေရတယ်လေ။ သိကြားမင်း ပြောတဲ့ စကားတစ်ခွန်းရှိဘူးတယ်၊
တစ်ဂါထာလေး ဖြစ်ဖြစ်ရွတ်ဆိုရင် အမျှပေးဝေကြစမ်းပါ-တဲ့။
နတ်တွေ သိကြားတွေ ဆိုတာကံကို မှီကြတယ်။ ကံ နဲ့ အသက်
မွေးကြတယ်။ ကံကုန်ရင် သေတယ်။ လူတွေလို အစာကုန်လို့ 
အစာပျက် ငတ်လို့ သေတာမျိုး မရှိဘူး။ တစ်နေရာတော့ တွေ့ ဘူးတာရှိတယ်၊ ကာမဂုဏ်သောင်းကြမ်း စားရမှာမေ့သွားလို့  သေသွားတဲ့ ဇာတ်လမ်း။

ကဲ ရှုပ်ကုန်မယ် ဒီလောက်ပဲထားတော့။
သာသနာပြုလွတ်ခြင်းရဲ့  ရည်ရွယ်ချက်တွေ သိအောင် ပြောပြတာပါ။
လူ အကျိုး နတ်အကျိုး၊ လူ နတ် ချမ်းသာဖို့  သွားကြ။ ရောက်လေရာရာ
ကောင်းခြင်းများစွာ ပြည့်စုံတဲ့ တရား၊ အကျင့်ကောင်း အကျင့်မြတ်
ဖြစ်တဲ့တရားကို ပြောဟောလေကြတဲ့။ တစ်ချို့ လူတွေလည်း ကိလေသာ
အမှောင် သိပ်မထူပါဘူး။ ပြောလို့  ဆိုလို့  ရမှာပါ။ တရားမနာရကြလို့ 
သူတို့  ဆုတ်ယုတ်နစ်နာနိုင်ပါတယ်။ တရားနဲ့ တွေ့ သွားရင် သူတို့ 
ကိလေသာ အမိုက်မှောင်ကို ဖြိုးခွင်း အလင်းထဲ ချဉ်းနင်း ကြမှာပဲ။
(ဒါမှ သူတို့  မင်းတို့ လွတ်လပ်သလို လွတ်လပ်မှာပေါ့။)
ငါလည်း တရားဟောဖို့  ဥရုဝေလတော သေနာနိဂုံးသွားမယ်။
အဲဒီစကား ကြားလို့ ကို မာနတ်စိတ်ထဲ ကလိကလိ ဖြစ်ပြီး၊
ဘုရားကို ထွက်လာတဲ့ စကားပါ ဗျာ။
သူက ဒီလို လျှောက်ပါတယ်-
လူ့ ကာမဂုဏ် လူ့ အာရုံ၊ နတ်ကာမဂုဏ် နတ်အာရုံ ဆိုတဲ့ ကျော့ကွင်းက
အရှင့်ကို နှောင်ဖွဲ့ ထားတာနော။ အနှောင်ဖွဲ့ မှ သေးသေးနောနော မဟုတ်ဘူး၊
ကြီးမားတဲ့ အနှောင်ဖွဲ့ ။ အရှင် လွတ်လိမ့်မယ်တော့ မမျှော်မှန်းလေနဲ့ ။
တဲ့။(ခြောက်လုံး၊ အောက်လုံး)

မြတ်စွာဘုရားက ပြန်လည်ပြီးတော့ ပြောလိုက်တာပေါ့-
လူ့ ကာမဂုဏ် လူ့ အာရုံ၊ နတ်ကာမဂုဏ် နတ်အာရုံ ဆိုတဲ့ ကျော့ကွင်းက လုံးဝကို
လွတ်သွားပြီ။ စိတ်ထားစုတ်ပြတ် ဟဲ့ မာရ်နတ်... ငါက အဲဒါကို လုံး ၀ဖျက်ပြီးပြီ။တဲ့

မာရ်နတ်က မကျေနပ် နောက်တစ်ကြိမ် ဒီပုံစံမျိုးလိုလို ထပ်လျှောက်ပြန်လေရော-

မြတ်စွာဘုရားက -တော့ အေးအေးဆေးဆေးပါပဲ-
ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဆိုတဲ့ အာရုံ ငါးပါး ကာမဂုဏ်တွေပေါ်မှာ
လုံးဝ ဆန္ဒအာသာ မရှိတော့၊ စိတ်ထားသေးနုပ် ဟဲ့- မာရ်နတ်ယုတ်... မင်းဖွဲ့ မယ်
ဆိုတဲ့ အနှောင်ဖွဲ့ တွေ လုံးဝကို ဖျက်ဆီးပြီးပြီ။တဲ့။
အဲ..ဒီနောက်တော့ စိတ်ထားယုတ် အပြည့်ဝရှိတဲ့ မာရ်နတ်က
အလိုလေး...ဘဂ၀ါ က ငါမှန်းသိတယ်၊အိုး...သုဂတ- က ငါမှန်းသိတယ်။ ဆိုပြီး
စိတ်ပိန်သွားတယ်။ လူလည်း ဟိုက်သွားတယ်။ အဲဒီနောက် လစ်သွားတော့တာပါပဲ။
ပြေးသွားတာတော့ မဟုတ်ဘူးနော။ သူလည်း သူ့ တန်ခိုးရှိတာဆိုတော့ တန်ခိုးနဲ့ ပဲ
အဲဒီနေရာမှ ပျောက်သွားတယ်...တဲ့။
ကဲ ...ဥူးဇင်းတို့  ဒကာ ဒကာမများ နားလည် လိမ့်မယ်လို့  ထင်မိပါတယ်။
နားလည်တယ် မဟုတ်လားဗျာ။(တင်ပ-ဘုရား...ညီညီညာညာနဲ့  ဖြေဆိုကြသံ)။
နားလည်ရင် တရားပွဲသိမ်းတာပေါ့။
သဘောပေါက်ရမှာက အာရုံတွေနောက် လိုက်ရင်းလိုက်ရင်း နဲ့  အာရုံတွေရဲ့ တုတ်နှောင်ခံနေရတယ် မှတ်ပါ။ လောကီလူသားတွေ ဆိုတော့ လိုအပ်သလောက်
ဘဲ လိုတာလေးတွေပဲ အသုံးပြု အသုံးချပေါ့။ အဲဒီ အာရုံတွေ အောက်
က မဖြစ်စေနဲ့ ပေါ့ဗျာ။ ခုခေတ်ကလည်း ရုပ်ပိုင်းဆိုင်ရာ တိုးတက်တော့
နာမ်ပိုင်း၊ စိတ်ပိုင်း ၊ အကျင့်ပိုင်းဆိုင်ရာတွေ ဆုတ်ယုတ်တတ်တာ သဘာဝပဲ။
ကဲ ပြောစရာတွေ များတယ်၊ အများကြီးဆို မှတ်ရတာ များသွားမယ်။ဒီလောက်
ဆိုလည်း လုံလောက်ပြီဗျာ-
...ကဲ ကဲ... အပ္ပမာဒေန သမ္ပာဒေထ... မမေ့လျော့သောသတိတရား-နဲ့  နေထိုင်နိုင်ကြပါစေ။ လွတ်လပ်ပြီ- ဆိုတဲ့ စကားကိုလည်း ကိုယ်စီကိုယ်ငှ
ပြောကြားနိုင်သူတွေ ဖြစ်နိုင်ကြပါစေကုန်သတည်း ဟူ၍ ပတ္ထနာ အောင်ဆု
ပြုလိုက်ကုန်ရာသတည်း..................။
သာဓု သာဓု သာဓု။

မှတ်ချက်။ ။ ဒီတရားကို မြူးနစ်မြို့ တွင် ဟောကြားမည်လို့  ကြံရွယ်ထားသော်လည်း
ဖိတ်ကြားသူများ မလွတ်မလပ် အလုပ်များရှိနေလို့ မဟောဖြစ်ခဲ့ပါ။ စိတ်ထဲ
က သာ ဟောကြားခဲ့ပါတယ်။ ဆွမ်းဒါယကာ မှာလည်း ကလေးကိုကြိုရန် ကိစ္စရှိ
နေသေးတာနဲ့ အခြား ၀မ်းသားစရာ ၀မ်းမြောက်ဖွယ် အမှတ်ရဖွယ် များဖြင့် ဂါထာရွတ်
သီလပေး၊ သီလယူ၊ ရေစက်ချ ၊အမျှဝေ ပြုလုပ်ပေးခဲ့ပါတယ်။
ကြံရွယ်ထားတဲ့ တရားများကို အများသိစေဖို့  ရည်ရွယ်ကာ တင်ပြလိုက်ပါတယ်။

မြတ်ရောင်နီ
(၀၄၊၀၁၊၂၀၁၀)



No comments:

Post a Comment