Pages

Monday, January 18, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၆

သင်တန်း နှင့် ထိုင်း လူမျိုးတို့ အကြောင်း တစ်စေ့တစ်စောင်း

ဘာသာစကား ဟာ သာသနာပြုရာမှာ အသုံးဝင်တာကို ပြီးခဲ့တဲ့ ဆောင်းပါးတုန်း က
အတော်အသင့် ပြောခဲ့တယ်။ ဟိုတုန်းက အသုံးဝင်တာ မ၀င်တာ ဒီလောက်ကြီး
လက်တွေ့ မသိခဲ့။ ခုတော့ နဖူးတွေ့ ဒူးတွေ့ တွေ့ ကြပြီဆိုတော့ တကယ့်ကို လိုလာမှန်း
သိလာတယ်။ အဲလို သိလာတာနဲ့ ပဲ- ရောမ-မှာနေ ရောမ-လိုကျင့် ဆိုသလို ဂျာမဏီ
ရောက်နေမှတော့ ဂျာမန်စကား သင်ရတော့မယ်-ဆိုတာ နားလည်လာခဲ့ပါတယ်။
ဒီဆိုရိုးစကားကလည်း မြန်မာတို့ အဖို့ 

နေတတ်ဖို့ သာ ရည်ရွယ်ရင်း မဟုတ်။ သွားတတ်ဖို့ ၊ စားတတ်ဖို့ ၊ ၀တ်တတ်ဖို့ ၊
ပြောတတ်ဖို့ ပါမကျန် အစစ အရာရာ အသုံးပြုရမှာ မဟုတ်ပါလား။

သွားတဲ့အခါလည်း ခပ်သွက်သွက် ရှိရမယ်။ ကိုယ်က တစ်လှမ်းချင်း လူမမာသွား သွားနေ
လို့ က ကိုယ် တစ်ယောက်ထဲ စိတ်ဖောက်နေသူလို ဖြစ်နေမယ်။ သူတို့ သွားသလို
သွားရလိုက်ရတော့တာပဲ။ စားတဲ့ အခါ လည်း ထမင်းစားသည့် လူမျိုး ထမင်းကို
စားရမယ် လို့ ဆိုတာ ထည့်မတွက်ဘဲ။ ပေါင်မုန့် နဲ့ လည်း ပြီးရတာပဲ။ ခေါက်ဆွဲနဲ
့လည်း ပြီးနိုင် ရတာပဲ။ သစ်သီးသစ်ရွက်နဲ့ လည်း ပြီးနိုင်ရတာပဲ။ အ၀တ်ဆိုပြန်တော့
သင်္ကန်းနဲ့  မပြီးတော့။ မလုံလောက်တော့။ ရောမလို ကျင့်ရတာပဲ။ အထဲမှာ အကျီ င်္ဝတ်၊ အပေါ်ကနေပြီး ထပ်လို့ သာ ဘုန်းကြီးမှန်းသိအောင် သင်္ကန်းရုံထားရတာ။

ပြောချင်တာက အဓိက သင်တန်းအကြောင်း၊ ထိုင်းအကြောင်း။ စပ်မိလို့ သာ
ရေးလိုက်တာပါ။ နောက်မှ အဲဒီအကြောင်းသက်သက်ရေးပါဦးမယ်။

ခု ကိုယ်သင်တန်းတက်ရတာက ထိုင်းသင်တန်းမှာ။ ဂျာမန်စကား သွားသင်တာ။
သင်ပေးတာက ထိုင်းဆရာမ။သင်တန်းသားတွေက ထိုင်းကျောင်းသား ကျောင်းသူ။

ဒီသင်တန်းကို တရားဝင် မဖွင့်ခင်ကလည်း THAI ASA ဆိုပြီး ထိုင်းလူမျိုး တို့ အတွက်
သီးသန့် ဖွင့်လှစ်ထားတဲ့ နေရာမှာ သင်ပေးတယ်။သင်တန်း မဖွင့်မီ အားတဲ့ အချိန် ခေါ်ပြီး သင်ပေးတယ်။ အဲ- သင်တဲ့ဆရာသမားက တစ်ယောက်ထဲ မဟုတ်။ အားတဲ့သူ တွေ က သင်ပေးတယ်။မှတ်မှတ်ရရ အဲဒီတုန်းက ဆရာ သုံးယောက်တောင် သင်ခဲ့ရတယ်။
ဆရာတွေက ကျွမ်းကျင် အဆင့်တွေပါပဲ။ နှစ်ပေါင်းများစွာ ဂျာမန်မြေပေါ်
ရောက်ကြသူတွေ။ ဆရာမကြီးဆို ဒီရောက်တာ နစ်သုံးဆယ်ရှိပြီတဲ့။

အဲဒီ THAI ASA ဆိုတာ အိမ်ကျယ်ကျယ် ကြီးတစ်လုံးပဲ။သင်တန်း ဖွင့်ပေးရုံ
သက်သက် မဟုတ်ဘူး။ အကူညီလိုရင်လည်း ထိုင်းလူမျိုးတွေ အချင်းချင်း
ကူညီပေးတဲ့ စင်တာပါ။ သင်တန်းက တကယ်စုံတယ် ။ ကလေးတွေ အတွက်လည်း
သီးသန့်  ဖွင့်ပေးတယ်။သင်တန်း ဈေးနှုန်းကလည်း သိပ်မကြီးလှ။

ကိုယ့်လူမျိုး အချင်းချင်း ရိုင်းပင်းကူညီ ညာတာတဲ့ စိတ်အပြည့်နဲ့  ဖြစ်လောက်တယ်။
ဒီလို ပြောတာ ဒီတစ်ခုကို ကြည့်ပြောတာ မဟုတ်ပါဘူး။သူတို့  ထိုင်းစားသောက်
ဆိုင်တွေမှာလည်း တော်တော်လေး အလုပ် ပိုင်ရှင်ရယ် အလုပ်လုပ်သူရယ် ဆိုတဲ့
သဘော သိပ်မတွေ့ ရ။ ပုထုဇဉ်သဘာဝ ရှိတော့ ရှိပါလိမ့်မယ်။

သင်တန်းဆိုတာကလည်း ထိုင်းဘာသာကို ဂျာမန်လူမျိုး နဲ့  စိတ်ဝင်စား
သူတွေအတွက် သင်ပေးတယ်။ သူတို့ ထိုင်းလူမျိုးတွေကိုလည်း အချင်းချင်း
ဂျာမန်ဘာသာ သင်ပေးတယ်။

သင်တဲ့ ဆရာတွေကလည်း ထိုင်း ဆရာ ရှိသလို ဂျာမန် ဆရာတွေလည်း ရှိတယ်ပေါ့။
သင်တန်းသားတွေက ဆရာကို ရိုသေမှုကတော့ အပြည့်ဝ ရှိတယ်။ ဆရာ ဆရာ နဲ့ 
ပါးစပ်ဖျားက မချဘူး။ကိုယ့်ထက် နေသူက သင်ရင်သင်နေပါစေ။ မလေးမစား
အမူအရာ မတွေ့ ရ။

သူတို့  နားမလည်တောင်မှ တစ်ခါတစ်ခါ ဆရာကွယ်ရာမှာသာ၊ နားမလည်ဘူး-
(လုံဖိ )ဥူးဇင်း ဆိုပြီး ကိုယ့်ကို ပြောတယ်။ ကြောက်ရွံ့ မှုလည်း မရှိဘူး။
ရင်းနီးမှုလည်း ရှိတယ်။

ကိုယ်တို့  ကလေးဘ၀ တုံးက ဆရာဆိုကြောက်လိုက်ရတာ။ မပြောနဲ့ ။
ကျောင်းသားဘ၀က ဆို ဒီဆရာကြီး အရိုက်ကြမ်းတယ်လို့  သိထားရင် ၊
လမ်းတွေ့ ရင်တောင်မှ ဝေးဝေးရှောင်ကာ ထွက်ပြေး ကြတယ်။

ဓာတ်ပုံကိုပဲ ပြန်ကြည့်ပေတော့။ ခု ဒီကျောင်းသားများမတော့ သူငယ်ချင်းတွေ
အချင်းချင်း ဆက်ဆံသလိုမျိုး နေထိုင်တယ်။ ဆရာကို လက်ဆောင်ပေးတာလည်း
ရှိတယ်။ တကယ်တော့ ချစ်ကြောက်ရိုသေပဲ ကောင်းပါတယ်။

ဘုရားဟော ကျမ်းဂန်ထဲက -အင်္ဂုတ္တိုရ်၊ စတုက္က၊ စက္က၀ဂ်၊ သင်္ဂဟသုတ် အလို-
ကြည့်မယ်ဆိုရင် - ဒါန-ပေးကမ်းခြင်း၊ ပေယျဝဇ္ဇ- ချစ်ဖွယ်စကားဆိုခြင်း၊
အတ္ထစရိယ-သူ့ အကျိုးကို လိုလိုလားလားဆောင်ရွက်ခြင်း၊ သမာနတ္တတာ-
စိတ်တူရည်တူထားခြင်း- ဆိုတာတွေ ကို များ သူတို့ မှာ ကိန်းအောင်းနေတယ်
လို့ ယူဆမိပါတယ်။

သင်္ဂဟ၀တ္ထု ဆိုတာ အတည့် ဘာသာပြန်လိုက်ရင် အချင်းချင်း ကူညီရိုင်းပင်းခြင်း၊
စာအလိုက မြှောက်ပင့်ခြင်းပြုနိုင်တဲ့ အရာတွေ၊ သဂြိုဟ်ခြင်းပြုနိုင်တဲ့အရာတွေ-တဲ့။

ဆရာကလည်း သူတို့ နားမလည်တဲ့အခါ ထိုင်းလို ရှင်းပြတာ များလာရင် ၊
ကိုယ့်ကိုယ်လည်း နားမလည်ရင် မေးဖို့  ပြောထားတယ်။ ကိုယ်ကတော့ ပိုကြိုးစားပြီး
လုပ်ရတာပေါ့။ ဂျာမန်လို ရှင်းတဲ့ အခါ အားစိုက်နားထောင်ရတာပေါ့အင်္ဂလိပ် ဂျာမန်
အဘိဓာန် ဆောင်ထားရတယ်။ ဂရုတစ်စိုက် ကိုယ့်ပေါ်မှာလည်း ရှိပါတယ်။ သူတို့ 
ကိုယ်တိုင်ကလည်း သင်တန်းကြေးလည်း လှု၊ ဖျော်ရည်လည်း ကပ်ကြ။ စာအုပ်
စာတမ်းလည်း လှုကြတာကိုး။

ရောက်ခါစကတော့ ကိုယ့်စိတ်ဓာတ် မသိခင်က အခက်ခဲလေး ရှိတယ်။ တစ်ချို့ 
တစ်ချို့ ထိုင်းတွေနဲ့  ဆက်ဆံရာမှာ။ တစ်ချို့ က ကိုယ့်ကို ဘုန်းကြီး လို့ မြင်တယ်။
သံဃာလို့  မြင်တယ်။ တစ်ချို့  က ဗမာ လို့  မြင်ပုံပေါ်တယ်။ ကိုယ့်အထင်ပေါ့။

ဘာလို့  လည်း ဆိုတော့ သိတဲ့ အတိုင်း မြန်မာ နိုင်နဲ့  ထိုင်းဆိုတာက
ဦးအောင်ဇေယျ ခေတ်က ပြဿနာ လေးတွေကိုပေါ့။ အဲဒါကြောင့်
များလားပေါ့။

နောက်တစ်ခုက ထိုင်းတော်တော်များက ဂျာမန်လို ပြောတတ် ဆိုတတ်ကြ
ပေမယ့် အင်္ဂလိပ်လိုကျ သိပ်မကောင်းလှ။ ပြောတတ်ဆိုတတ်ကို မရှိကြ။
ပြောလည်း မပြောရဲကြဘူး။ ဒါကြောင့်လည်း ဖြစ်နိုင်ရဲ့ ။

တစ်နေ့ သားမှာတော့ ကျောင်းမှာ ကိုယ်က တစ်ပါးထဲ ကျောင်းရှိခိုက်။
ဆွမ်းအိုး လာပို့ တဲ့  ထိုင်းဒကာမ နှစ်ယောက်။ သူတို့ က သူ တို့  သူငယ်ချင်းမှာ
ခဏခဏ ပြဿနာတက်နေလို့  အဲဒါပြေပျောက်အောင် ဆွမ်းလာပို့ တာပေါ့။
နာမည်ပြော မေတ္တာပို့ ပေးမယ်ပေါ့။ သူတို့ က အဆောင်ပေးစေ့ချင်တာ။
အေး- ငါ့မှာ အဆောင်မရှိဘူး။ ဘုရားဝတ်ပြု ၊ မေတ္တာပို့ ပေါ့လို့ ။
ဘုရားရှင်သော်မှ တွေ့ ရသေးတာပါပဲ။ လူတိုင်းမှာ ပြဿနာ ဆိုတာ
ရှိတာပဲ။ ပြေလည်အောင် ဘယ်လို ရှင်းမလဲ။ ကိုယ့်ဖာသာလည်း
စဉ်းစားကြပေါ့ ဘာညာ ဘာညာ ရှင်းပြလိုက်ပါတယ်။

ဂျာမန်လိုရော အင်္ဂလိပ်လိုပါ ရောသမမွှေပြောခဲ့ရတယ်။ စာလိုတော့ -
ပကိဏ္ဏက၀ါစာ လုပ်ခဲ့ရတာပေါ့။ ဘာပဲ ဖြစ်ဖြစ် နားလည်သွားတယ်။
အင်္ဂလိပ်လို ပြောတာကိုလည်း အော် ဒါပြောတာပါလားလို့  မှန်းကြည့်ပြီး
နားလည်ခဲ့ရတယ်။ ကျေနပ်စွာနဲ့ ဘဲ ပြန်သွားကြပါတယ်။

ဒါပေမယ့် အထင်သေးလို့ တော့ မရ ။ ဘာလို့ လည်း ဆိုတော့ ဒေါက်တာဘွဲ့ 
ရပြီးထားတဲ့ ထိုင်းတွေကလည်း ရှိနေတယ်။ ပြီးတော့ ခုလက်ရှိမှာလည်း
ထိုင်းကျောင်းသား ကျောင်းသူတွေ ဒေါက်တာဘွဲ့ ကို ကျမ်းပြုစုနေတာတွေ လည်း
ရှိပါတယ်။ ဟို အဝေးမှာ နေတဲ့ကောင်လေး။ စက်ဘီး ၊တစ်ခါတရံ ဘတ်စ်နဲ့ မနက်ခင်း
အရုဏ်ဆွမ်း ဆွမ်းလာကပ်တဲ့ သူဆိုရင် ခပ်ငယ်ငယ်။ သူက ဒေါက်တာ ဘွဲ့  အတွက်လုပ်နေတာတဲ့။အဲလို ကျောင်းသားတွေကျတော့ ကောင်းကောင်း
ပြောတတ်ပြီပေါ့။

အဲ ဒါကတော့ ကိုယ်မြင်သမျှ ကိုယ်သိသမျှ အနည်းအကျဉ်းပြောပြတာပါ။
ဒါ့ထက် သူတို့  ဘာတွေ ဘယ်လို ကျင့်သုံးနေထိုင်တယ် ဆိုတာလည်း ထပ်တိုးတိုးပြီး ပြောပါဦးမယ်။ခုပြောတဲ့ အပိုင်းတွေမှာ အားသာချက်ကို ဦးစားပေး ပြောထားတာပါ။ အားနည်းချက်ကိုတွေလည်း ရှိမှာပါပဲ။ရှိတာပါပဲ။

ဒီနေရာမှာ သူတို့ ရဲ့  အားသာချက်ကို ကိုယ့်ရဲ့  ရွှေတွေ သိစေချင်တယ်လေ။
အဲဒါကိုလည်း သိနေပြီးဖြစ်တဲ့ ငယ်စဉ်က ဖတ်ခဲ့ထားတဲ့ ကျောင်းဖတ်စာအတိုင်း ပါပဲ။
တစ်ရံတစ်ခါမှာ အတုယူစရာမှန်သမျှ ကို တိရစ္ဆာန် ထံသော်မှ ယူသင့်က ယူရမှာ
ဖြစ်ပါတယ်။

ဗျိုင်းဟာ မိထားတဲ့ ငါးကို မစားသေးဘဲ အပေါ်မြှောက်လိုက် ၊နှုတ်သီးက
ဖမ်းလိုက်နဲ့  ဆော့ကစားနေတာကို လူက ကွယ်ရာကနေပြီး လှံကို မြှောက်လိုက်
ပါးစပ်ထဲ မစိုက်အောင် သင်သလို ၊ အတုယူသလိုမျိုး ပေါ့။
ကိုယ့်ရွှေတို့  အချင်းချင်း လှံမစိုက်ကြစေရန် ရည်ရွယ်ရင်း ပါပဲ။

ဘုရားစကားတော်ရဲ့  လိုရင်းက-
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား-ဆိုထားတာပဲ။
မကောင်းမှုဆိုတာ မကောင်းမှု အကုသိုလ်သာမက မကောင်းတဲ့ အကျင့်အမှန်သမျှ၊
အပြောအဆို၊ မကောင်း တဲ့ အစွဲတို့ ပါ -ပါသလို၊ ကောင်းမှုဆောင် ရာမှာလည်း
ကောင်းမှုကုသိုလ် သာမက ကောင်းတဲ့ အမူအကျင့်၊ အပြောအဆို စတာတွေကို
အတုယူရမှာဖြစ်ပြီး၊ စိတ်ကောင်း နှလုံးကောင်း မွေးကာ ဖြူစင်တဲ့ စိတ်များ ထားနိုင်ရ
ပါမယ်။

ဒါဟာ ဘုရားရှင် အဆူဆူတို့ ရဲ့  အလိုတော်ကျ ဖြစ်ပါတယ် ဆိုတာကို
ဖေါ်ပြရင်း၊ သင်တန်းနဲ့  ထိုင်းလူမျိုးတို့  ကြည့်ပြီး ရရှိလာတဲ့ အတွေ့ ကြုံကို
တစ်ဆင့် တို့  ရွှေများကို ၀င်းသထက် ၀င်းလက်ဖို့ ရာ -
ပွတ်တိုက်သည့်အနေ ရေးသားလိုက်ပါတော့တယ်။

မြတ်ရောင်နီ
(၁၈၊၀၁၊၂၀၁၀)



1 comment:

  1. Great!
    You try to share the best things!
    Thanks!

    Be Healthy & Happy!
    bhagini

    ReplyDelete