Pages

Friday, March 12, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၂ အပိုင်း (ခ)

စပ်ရာ စပ်ရာ ကွစိ ကွစိ

အပိုင်း ( ခ)

ဘုံ သုံးဆယ့်တစ် ဖြစ်ဖြစ်သမျှတွေနဲ့  ပါတ်သက်ပြီးလို့  ရှင်းပြပြီးတဲ့ အခါမှာ ဗောဓိသတ္တ ဘုရားလောင်း အပေါ် ဆရာကြီးများရဲ့  စိတ်ထား သဘောထားကြီးကြပုံ စိတ်ထား ရိုးသား ပွင့်လင်းပုံ ကလည်း အတုယူစရာ ဖြစ်ကြောင်း ပြောပြလိုက်တယ်။

ဘာလို့ လည်း ဆိုတော့ ဆရာကြီးတွေ ဗောဓိသတ္တ ဘုရားလောင်းလို သင်ရပြုရ လွယ်ကူသူ တစ်ခါမှ မကြုံစဖူးကြဘူး။ စံပြိုင်ရှား တပည့် ရမှုအတွက် နွေးထွေးစွာ လက်ခံကြိုဆိုတယ်။သူတို့  မှာ ရှိတဲ့ တရားက ဒါအကုန်ဘဲလို့ လည်း ပွင့်ပွင့်လင်းလင်းပြောပြကြတယ်။

ဒါကြောင့်လည်း ဆရာကြီးများက ကိုယ်သိထားတာ ဗောဓိသတ္တလည်း သိပြီးနေပြီ။ ဒီ ဂိုဏ်းဂဏကို လွှဲအပ်မယ်၊ ဒီမှာပဲ နေဆိုပြီး ဗောဓိသတ္တကို ဆရာ နေရာမှာ လိုလိုလားလား အပ်နှင်း ခဲ့တယ်။

သာမန်ညောင်ည လူတို့ အဖို့ ကတော့ ကိုယ့်ဂိုဏ်းဂဏကို လွှဲဖို့  စိတ်နဲ့ တောင် ကြံမိမယ် မထင်မိပါဘူး။ သဗြဟ္မစာရီ မြင့်မြတ်တဲ့ အကျင့်ကို ကျင့်နေကြတဲ့ ဆရာကြီးများမိုလို့ သာပေါ့- လို့  ထည့်ပြောလိုက်တယ်။

ဗောဓိသတ္တရဲ့  ရှာဖွေမှုက သုံးဆယ့်တစ်ဘုံမှာဖြစ်တဲ့ ဈာန်စည်းစိမ် ဇိမ်ခံမည့် နေရာကို ရှာဖွေခဲ့တာ မဟုတ်ဘူး။ အမှန်တရား ကို ရှာဖွေခဲ့တာဖြစ်တယ်။ လိုချင်တာနဲ့  ရနေတဲ့ အရာ မကိုက်ညီတော့ ဆရာကြီးများရဲ့  နောက်ဆုံး ပန်းတိုင်ကို ဗောဓိသတ္တက မှတ်ချက်ချလိုက်တယ်။

ဆရာကြီးတို့ လုပ်ငန်းဖြစ်တဲ့ ဓမ္မ က ၀ဋ်ဆင်းရဲ ညီးငွေ့ ဖို့ မဟုတ် ၊ လိုချင်တပ်မက်မှုလည်း မကင်း ၊ ဒုက္ခလည်း ချုပ်မှာမဟုတ်၊ ငြိမ်းချမ်းမှု အတိရမှာ မဟုတ်၊ ထူးတဲ့ အသိဉာဏ်လည်း မဟုတ်၊ ဖောက်ထွင်းသိမြင်ဉာဏ်မျိုးလည်းမဟုတ်၊ နိဗ္ဗာန်လမ်းအတွက် လည်း မဟုတ်-တဲ့။

ဆရာကြီးတွေက ဗောဓိသတ္တ ကို နေရာပေးတာမျိုး အခြားသူ ဆိုရင် ခွါနိုင်မှာကို မဟုတ်ဘူး။ သေချာတယ်။ ဆရာ ရာထူး မပေးဘဲနဲ့ တောင် လုယူ နေချင်ကြတဲ့ အရှင်ဒေ၀တ်လို လူမျိုးကလည်း ရှိသေးတာကို။ နေရာတကာ ဆရာကြီး လုပ်ချင်ကြတာ များတယ်လေ။

ဗောဓိသတ္တ ကတော့ မူလ ရည်ရွယ်ချက်နဲ့  မကိုက်လို့  ဆရာကြီး ရာထူးကိုလည်း မယူတော့ဘဲ အမှန်တရားကို ရှာဖွေရန် ရှေ့ ဆက်ခဲ့တယ်။

ပတိရူပဒေသ၀ါသော စ ဆိုတဲ့ အတိုင်း နေရာမှန်ဖို့  လိုတယ်။ နေရာမှန်တာကလည်း လောကီ ရေးရာ ဖြစ်ဖြစ် ဓမ္မရေးရာ ဖြစ်ဖို့  ကြီးပွါးဖို့  တစ်ရပ်ပါပဲ။

ဗောဓိသတ္တ နေရာရှာဖွေခဲ့တာက တရားနဲ့  ပျော်မွေ့ ဖွယ်ကောင်း၊ မြေကလည်းညီညီညာ ပြန့်ပြန့် ပြူးပြူး ၊စိတ်ကြည်နူးစရာကောင်း တဲ့ တောအုပ်။ ဒါနဲ့ တင် မပြည့်စုံသေး။ ရေကလည်း တသွင်သွင်၊ ရေကလည်း ဖြူသန့် စင် ၊ ကမ်းခြေအလှကလည်း ဘ၀င်ခ စရာမို့ ၊ ဆွမ်းခံဖို့  ရွာ အ၀င် အထွက် က လည်း အနီးနား ရှိတာကြောင့် အဲဒီ နေရာကို တရား အားထုတ်မည့်သူ အတွက်ကတော့သင့်တော်မှာ ဘဲ ဆိုပြီး ဆုံးဖြတ်ချက်ချကာ အရောက် သွားခဲ့တယ်။

ဒီလို ပြောလိုက်တော့ သင်တန်းသား တစ်ဦးက ဘာလို့  အဲဒီတောအုပ်ကို ရွေးရတာလဲ တဲ့။
အဲဒီ ခေတ်တုန်းက တောအုပ်ဆိုတာ ဒီက သစ်ပင်တွေလို ကြိုးတိုး ကြဲတဲ မဟုတ်ဘူး၊ ညောင်ပင်ကြီး တွေ အရွက် အခက်တွေက ခပ်ဖားဖား ခပ်ကြွားကြွား ရှိတော့ နေပူဒဏ်ခံနိုင်တယ်။ အတော်အတန် မိုးလည်းလုံတယ်ပေါ့။ ကျောင်း ဆိုတာလည်း အထူးတလည် မရှိသေးဘူးလေ။ ပြီးတော့ တောအုပ် ဆိုတော့ ညိမ်သက်တယ်ပေါ့။ လူသံ သူသံ မကြားရတော့ တရား အားထုတ်တာ ထိရောက်တာပေါ့။

မြစ်ဆိုတာကလည်း ချိုးရေလည်း ဒီမြစ် ၊သုံးရေလည်း ဒီမြစ်။ အလွယ်တကူ သောက်လိုက သောက်၊ သုံးလိုက သုံးလို့ ရတာပေါ့လို့ ။ မြစ်ထဲ ရေချိုးတာက- စဉ်းစားကြည့်ရင် စရိတ်ငြိမ်းပဲ။ ရေတွင်းမှာလို ကြိုးနဲ့  ရေငင်စရာမလို။ မြို့ တွေမှာလို ရေပိုက် ဘဲခေါင်း ဖွင့်စရာမလို။ အ၀တ်ပို မရှိက အ၀တ်ပို မလို အသာလေးကို ဆင်းထည့်လိုက်ရုံပဲလေ။ ဒီလို ပြောလိုက်တော့ လက်ခံသွားတဲ့ အမူရာ ပြပါတယ်။

ကိုယ်ကလည်း စာထဲ အတိုင်း ဗောဓိသတ္တ ဆိုတာ ချည်း ခဏခဏ ပြောနေတော့ ဗောဓိသတ္တ ရဲ့  အဓိပ္ပါယ်က ဘာလဲ ဖြစ်လာပါရော။

သတ္တ ဆိုတာ သတ္တ၀ါပါ။ beings ပေါ့။ သတ္တ ဆိုတဲ့ ပါဠိ က (attachment) ညှိကပ် တွယ်တာ တတ်လို့  သတ္တ၀ါ ခေါ်တာပါ။ ဗောဓိ-အမှန်ကို ထိုးထွင်း သိမြင်မှုကို ညှိကပ် လိုချင်နေတဲ့ သူကို ဗောဓိသတ္တ လို့  ပါဠိ ဂရမ်မာ အလိုပဲ ပြောထည့်လိုက်တယ်။

ကိုယ်ဘေးမှာ သင်တန်း လိုက်နားထောင်နေသူ ဂျာမန် ကိုယ်တော်က သတ္တ ဆိုတာ (Searching) ရှာဖွေခြင်း လို့  သူတွေ့ ဘူးကြောင်း ပြောပါတယ်။ မဟာယာန အ၀တံသက သုတ်မှာ တဲ့။ သူနည်း သူ့ ဟန်တော့သဘာဝ ကျသားပေါ့ လို့ ။ သက္ကတ က လာတယ် လို့  ဆိုတယ်။ သက္ကတ ကျွမ်းကျင်သူတို့ ကို မေးလေကုန်။

မြန်မာတို့  အဖို့  သတ္တ-ဆိုတဲ့ သတ္တ၀ါ အားလုံး ပါဝင်တဲ့ အနက် အဓိပ္ပါယ် ယူလို့  ရတယ် ဆိုတာ မသိတာ များတယ်။ ပါဠိ ဘာသာ ဆိုတော့ ကိုရင် ဘုန်းကြီးတွေလောက်သာ သိကြတာကိုး။
ဒါကြောင့် လည်း စိတ်ဆိုးကာ ပြောဆိုမရရင် ဒီသတ္တ၀ါ ကြီးက ဆိုပြီး တိရစ္ဆာန်ကို ရည်ညွှန်းကာ ဆဲတတ်ကြပါသေးတယ်။

ဘာပဲ ဖြစ်ဖြစ်ပေါ့။ တို့ မြန်မာတွေအနေနဲ့ ကတော့ ဗောဓိသတ္တ ဘုရားလောင်း လို့  ပြောတာနဲ့  ဗောဓိသတ္တ ဆိုတာ ဘုရားလောင်းပဲ မှတ်ယူလိုက်တာပဲ။ ဘာလို့  ဘုရားလောင်း ကို ဗောဓိသတ္တ ခေါ်ရတာလဲ ၊ ရှည်ရှည် ဝေးဝေး မစဉ်းစားတော့တာ များပါတယ်။ မေးရတာ ၀န်လေးကြပါဘိ၊ မသိရင်လည်း မေးရမှာ ရှက်ကြပါဘိ။မေးသူက ရှားရှားပါးပါး မဆိုစလောက်သာ။


ဘုန်းကြီးက ဒါဟောရင် ဟောတဲ့အတိုင်းသာ မှတ်တာများတယ်။ ကောင်းလည်း ကောင်းတယ် ၊ တခါတရံ တော့ မကောင်းဘူး။ စဉ်းစားသုံးသပ်ခွင် ၀င်လာရင်သုံးသပ်တတ်ဖို့ လည်း လိုတယ်။

ယုံကြည်မှုတွေ များလာပြီး အသိဉာဏ် လျှော့နေရင် ရွာက လှည်းတွေ ကုန်းအတက်မှာ လှည်းဦးပေါ့ပြီး ရှေ့  နွားများ ရုန်းမရသလို၊ မြို့  ဥပမာ နဲ့  ပြောရရင် ဓာတ်ဆန်းကားသေးသေး အတက် မှာ နောက်တွယ်များပြီး ကားရှေ့ ဘီး မြှောက်ပြီး မောင်းမရသလိုမျိုးဘဲ လိုရာ ခရီး မရောက် ဖြစ်တတ်ပါတယ်။ ယုံကြည်မှုနဲ့  အသိဉာဏ်က ညီမျှနဲ့  နေရပါမယ်။
( ကျမ်းဂန်မှာ လာတဲ့ ဥပမာ မဟုတ်ပါ။ မြန်မာ ဉာဏ်မျက်စိမှာ မြင်လွယ်အောင် သာ ရှင်းပြလိုက် တာပါ။ ကိုယ့်အတွေးလေးပါ။)

ဒီလိုလေးလည်း မှတ်သားထားနိုင်တယ်၊ အသိတွေများပြီး ယုံကြည်မှုနဲရင် ကောက်ကျစ် စဉ်းလဲ တယ်၊ ယုံရခက်ခက်တွေ ဖြစ်တတ်တယ်။ ဟုတ်ပါ့မလားတွေ များလာမယ်။

ယုံကြည်မှု များပြီး အသိနဲရင် ကိုယ်ပိုင်ဉာဏ် မရှိတဲ့ အတွက် ပြောသမျှရုံ ဖြစ်တတ်တယ်။ တကယ် ရှိခဲ့ဘူးတဲ့ အဖြစ်ပျက်လေးတွေပေါ့။ ဘုရားလက်ထက်က" လေ"စားကိုယ်တော် ဆိုတာလည်း လူတွေ ယုံတာပဲ။ ခုခေတ် နယ်စပ်ဒေသ တစ်ခုမှာ ကြားဘူးတာက" ရေ "စား ဆရာတော်။ ရေဆွမ်း ဘဲ ဘုဉ်းပေးသတဲ့။ သေချာလည်း စဉ်းစားကြပါဦးလေ။ ဖြစ်နိုင် မဖြစ်နိုင်လေးတွေကို။


ဒါကြောင့်လည်း ဘုရားရှင်က အန္ဓီဘူတော အယံ လောကော၊ တနုကေတ္ထ ၀ိပဿတိ။ လောကအတွင်းမှာ ရှိတဲ့ လူအတော်များများက အသိဉာဏ် အလင်းမရတာများတယ်။ ရှားရှားပါးပါး လူလေးတွေကဘဲ အမှန်ကို အမှန်တိုင်း သိတဲ့ အလင်း ရရှိကြပါတယ်တဲ့။ ( ဓမ္မပဒ )။

ဘုရားရှင်ပြောတာနဲ့  တိုက်ဆိုင်ကြည့်တော့ အဟုတ်သားပေါ့။ ပြောသမျှ ယုံတဲ့ အထဲ မှ လွတ်စေဖို့  အရေးကြီးတယ်။ ပြီးတော့ ပါရာဇိက ပါဠိတော်မှာ ဒေါ်သဒ္ဓါ တဲ့။ နာမည်နဲ့ လိုက်အောင် ရက်ရက် ရောရော တကယ် ရှိသူပါ။သံဃာလှူရင် အကျိုးကျေးဇူး ကြီးမားတာ ကြားဖူးတာနဲ့ ဘဲ ထင်ရဲ့ ။ သူမ ခန္ဓာကိုယ်ကို သံဃာ လှူဒါန်းပါတယ်။ အဂ္ဂဒါန-အမွန်မြတ်ဆုံးအလှူဆိုပြီး မုဓပ္ပသန္န- တလွဲ ကြည်ညိုလွန်သွားတာလေ။

တော်သေးတာပေါ့။ သံဃာတော်က ရှင်းပြလို့ သာ အလှူ မအောင်မြင် သွားတာ။ အလှူ မအောင်မြင်တာပဲ အောင်မြင်တဲ့ ဖြစ်ရပ် ဖြစ်သွားပါတယ်။ တကယ်လှူလိုက်ရင် လှူတာ မရောက် အကုသိုလ် တိုးသွားပါမယ်။
အလွဲ အလှူဟာ အလှူ မဖြစ်တဲ့ အပြင် အပူသာ ယူရာရောက်ပါတယ်။
အလှူဆိုတာ သင့်တော်တဲ့ အရာကို ပဲ လှူရမှာကိုလည်း သိထားသင့်တယ်ပေါ့။

ဒီလိုမျိုးလည်း တကယ် ရှိတတ်သေးပါတယ်။ အဲလိုမျိုးလည်း မဖြစ်ရလေအောင် သတိ အသိ ကိုယ်စီ ထားပြီး အမှန်သိစေချင်တာနဲ့ အရှိအတိုင်း ရေးသားလိုက်တာပါ။

မှတ်ချက်။ ။
သင်တန်း ပို့ ချစဉ်မှာ ထွက်ပေါ်လာတဲ့ အတွေးများနဲ့  ဆောင်းပါး ရေးစဉ် အတွေးများ
ပူးပေါင်းကာ ရေးသားထားပါတယ်။
မြတ်ရောင်နီ
( ၁၂၊၀၃၊၂၀၁၀)

No comments:

Post a Comment