ရှူး...တိုးတိုး
အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု
အပိုင်း ( ခ )
အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု
အပိုင်း ( ခ )
စကားပြောတာ ဆိုရင်လည်း ကျယ်ကျယ်လောင်လောင် မပြောသင့်ဘူး၊ ဘုရားရှင်က စကားကို ပေါရီ- မြို့ ကြီးသူတို့ လို ပြောတတ်ဖို့  မိန့် တော်မူထားပါတယ်။ သဏှာ ဆိုတဲ့ ပါဠိရှိတယ်၊ (တိုးတိုး သာသာလေးနဲ့ ) ပြေပြစ်တဲ့စကား ဆိုဖို့ ပေါ့။ အဲလို ပြောတတ်ရင် ၀စီသုစရိုက်လို့ တောင် ပြောရ မယ် တဲ့။ သူ့ ရဲ့ ဆန့် ကျင့်ဘက်က ဖရုသ ၀ါစာ တဲ့။ လူတွေပြောပြောနေတာက ဖရုတ်သ ၀ါစာ တဲ့။ စကား ခပ်ကြမ်းကြမ်း ပြောတာပေါ့။
ဆရာတော်ကြီးများကလည်း တပည့်သံဃာတော်တို့ ကို ဆုံးမထားတာ ရှိပါတယ်။ စကားဆို မကြမ်းနဲ့ ၊ တရားဆို မဆန်းနဲ့ -တဲ့။ ဆန်းတဲ့ အထဲ ကိုယ်များ ပါနေရော့သလား၊ နားလည် စေချင် တာနဲ့  ရှုးတိုးတိုး လို့  ပြောလိုက်တာပါ။
အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု- စာ အရှိတိုင်းဆိုရင် ဘောန္တော-အရှင်တို့ ၊ အပ္ပသဒ္ဒါ-တိုးသောအသံ ရှိကုန်သည်၊ ဟောန္တု- ဖြစ်ကြကုန်လော။ ပြီးတော့ ဘောန္တော သီချင်းထဲကလို ဘောန္တော- သပ္ပုရိသ အပေါင်း သူတော်ကောင်းတို့ လို့  ရေးလိုက်ရင်တော့ စာဖတ်သူတွေ အတွက် အိပ်ဆေး ကျွေးလိုက် သလို ဖြစ်မယ်လေ။
ခုတော့ ရှုးတိုးတိုး ဆိုတော့ ဘာပါလိမ့်မတုံး ဆိုပြီး မျက်စိလေး ပွင့်လာတော့ပေါ့လေ။ ( ဆန်း တယ် ဆိုရင် လည်း ကရုဏာရှေ့ သွားပြီး ခွင့်လွတ်ဖတ်ပါကုန်။)
မြို့ ကြီးသူတို့  ပြောတတ်ဖို့  သွန်သင်တော်မူတာလည်း ဟုတ်လည်း ဟုတ်လောက်ရဲ့ ။ ဟုတ်လည်း ဟုတ်ပါတယ်။ တောသူ တောင်သားတွေက ဗွင်းဗွင်း ရှင်းရှင်းဆိုပြီး အော်ကြီး ဟစ်ကျယ် ပြောတတ်တဲ့ ဓလေ့ ရှိတယ်။ မြို့ ရောက်သွားတဲ့ တောသူ တောင်သားတွေကတော့ အချိုး ပြောင်း ကာ ပြောတတ်ဆိုတတ် ရှိပါတယ်။ ခုခေတ်မီကုန်ကြပြီ။ တီဗီတွေ၊ ဗီဒိယိုတွေကြည့်ပြီး အဲဒီထဲကလို သူတို့  တတ်ကုန်ပြီ။
တောသူ တောင်သားကို အပြစ်ပြောလိုလို့  မဟုတ်ပါဘူး။ ဘုရားစကားအတိုင်း ပေါရီ ဆိုတဲ့ စကားရယ်ကြောင့်ပါ။ ပြီးတော့ ကိုယ်ကိုယ်တိုင်တောသား ဖြစ်နေတာကြောင့်ပဲ။ ဘာလို့  ပြောလိမ့် မတုံး။ တောသူတောင်သားဆိုတာ အော်ကြီး ဟစ်ကျယ် ပြောတတ်ကြပေမယ့် ဟန်ဆောင်မှု နည်း တယ်နော။ ကြားဘူးတယ် မဟုတ်လား တောသူဆိုတာ တကယ့်ကို ရိုးတယ်...(သီချင်း) လေ။ ရိုးသာဂုဏ်ကျတော့ အပြည့်နီးပါး ရှိကြပြန်ရော။
ကျယ်တာမှ စကားပြောမှာတင် မဟုတ်ဘူး၊ အသံချဲ့ စက်ပါ ကျယ်တာ။ တီဗီ၊ ဗွီဒိယို မပေါ်သေး ခင်က ဆိုရင် ရုပ်ရှင်ကလည်း ကြိုးတိုးကြဲတဲ တခါတရံမှ ရွာလာပြကြတာဆိုတော့ ကိုယ့်ရွာက အသံ ချဲ့ စက်ကိုပဲ အားကိုးနားထောင်ကြရတယ်။ ကိုယ့်ရွာ စက်ကို နားထောင်ရုံ အားမရသေး၊ ဘေးရွာက ဖွင့်တဲ့ ဇာတ်လမ်းတောင် နားထောင်လို့ ရသေး။ အဲသလို ကျယ်ကျယ်လေးဖွင့်ကြတာပေါ့။
အသံချဲ့ စက်စဖွင့်ပြီ ဆိုရင် ကြည်နူးဖွယ်ဗျော ဖွင့်တယ်၊ အဲဒီနောက် အောင်ဇေယျတု သဗ္ဗမင်္ဂ လာ - ဆိုရင် မင်္ဂလာဆောင်၊ အလှူဆိုင်းတီးတာ ဖွင့်ရင်အလှူ၊ အောင်ခြင်းရှစ်ပါးဆိုရင် ဘုရားပွဲ ၊ တရားဖွင့်ရင် အသုဘ(မသာ)၊ တရားက အသုဘ ရှိလို့ ဖွင့်ရတဲ့ သဘော ဖြစ်နေတယ်။ လူတွေက လောက်စပီကာ ဖွင့်သံကို နားစွန့်  ကြတယ်။ နားထောင်ကြတယ်။
မြို့ သေးသေးတွေမှာတော့ တောအတိုင်းပါပဲ။ အသံချဲ့ စက် ဖွင့်တယ်။ ဆောင်းဘောက်စ် သုံးတယ်။ အသံကတော့ ကျယ်ကျယ်လောင်လောင် ချည်းပါဘဲ။ အဆိုတော် ကိုလွှမ်းမိုး ပြောသလို ဓာတ်စက်ကြီးလည်း အသံကုန်ဖွင့်တယ်....ဆိုတဲ့ သီချင်းလို တကယ် ဆူညံကြတာပဲ။ အများစုက ဆူညံတာမကြိုက်သလိုလိုနဲ့  ကြိုက်နေကြတယ်။
ကိုယ်လည်း အဲဒီကြိုက်တဲ့ အထဲ ပါဝင်မိလျှက်သား ဖြစ်နေတယ်။ တောမှာ အလှူက ပွဲတွေငှါးပြီ ဆိုရင် သွားပြီး ငေးငေးမောမော လုပ်ခဲ့တာ။ အလှူတွေက လည်း ဆိုင်းမှ မပါရင် အလှူသေး၊ ဆိုင်း ပါရင် အလှူလတ်၊ ပွဲပါရင် အလှူကြီး အဲသလိုများ သူတို့  သတ်မှတ်လေသလား မသိဘူး။ အလှူရှင် မှန်း သိအောင် မဏ္ဍပ်တိုင် တက်ပြချင်လို့ လေလား။ ဘုရားအကြိုက် သတိထားဖို့ ကောင်းတာပေါ့။
( အလှူကြီး မကြီးဆိုတာ လှူတဲ့ စေတနာ ကြီး မကြီးကို ကြည့်ပြီး ပြောရမှာ ဖြစ်ပါတယ်။ ဆိုင်း ပွဲတွေက ပကာသနသက်သက်မျှသာ ဆိုတာကိုလည်း သိကြစေချင်တယ်။)
တကယ်တမ်း ဒီဆူညံသံတွေ စဉ်းစားကြည့်ရင် ဘာသာတရား အရလည်း မသင့်တော်ပေဘူး။ လူတွေအဖို့  ပျော်ပွဲ ရွှင်ပွဲ အပြစ်မရှိတာ မှန်ပါတယ်။ လွန်လွန်းကဲလွန်းရင်တော့ မကောင်းဘူးပေါ့။ ဒါပေမယ့် အဲဒီဆူညံသံတွေက ဘေးလူထိခိုက်တာမျိုးဆိုရင် မသင့်တော်ဘူး၊ မလုပ်သင့်ဘူး။ လျှော့ သင့် တယ်ပေါ့။
အသံချဲ့ စက်ကြီး အသံကုန်ဖွင့်တာဟာ ဟိုဘက်အိမ်က လူနာရှိနေရင် လူနာမှာ နားမချမ်းသာ ၊ ရွာဆိုရင်တော့ တစ်ရွာလုံး ကြားနေရတာ၊ ဟိုဘက်အိမ်တင် မဟုတ်ဘူး၊ အားလုံး ထိခိုက်စရာ ရှိနိုင် ပါတယ်။ ပြီးတော့ ကျောင်းသားကျောင်းသူများ အတွက် စာကျက်တဲ့ နေရာတွေမှာ အနှောက်ယှက် ဖြစ်ပါတယ်။ အဲဒါကြောင့် အချင်းချင်းစိတ်တွေဟာ သည်းညည်းခံရခက်တာတွေ ဖြစ်လာနိုင်တယ်။
တစ်ခါတုံးကမြောက်ဥက္ကလာပ ရွှေဥမင် တောရ ဆရာတော်ကြီး က တရားစခန်းကျင်းပနေတာ ၀န်းကျင်က အသံချက်စက်ကြီးက ကျယ်ကျယ်လောင်လောင်တဲ့။ တရားယောဂီတွေ အနှောက်ယှက် ဖြစ်တယ် ဆိုပြီး ယောဂီတစ်ယောက်က သက်ဆိုင်ရာကို ပြောပြီး စက်ပိတ်ခိုင်းဖို့ ရာ ဆရာတော် ကြီး ကို ခွင့်ပြုချက်ယူပါတယ်။
ဆရာတော်ကြီးက ခွင့်ပြုချက်မပေး၊ တရားကို မှတ်ဖို့ ရာသာ ပြောခဲ့တယ်။ အာရုံနောက် စိတ်မရောက်ဖို့ ပါဘဲ။ ဒါက တရားရှိတဲ့ ဆရာတော်မို့ သာပေါ့။ ဒါကို ကြည့်ရင် ကျယ်ကျယ် လောင် လောင် ဖြစ်လို့  ပြဿနာ တက်နိုင်တယ် ။ လူအချင်းချင်း ဆိုရင်ပေါ့။ ခုလို ဆရာတော်ကြီးက တပည့် ကို သွန်သင်ပြသမှုခဲ့လို့ သာ ပြဿနာမဖြစ်ခဲ့တာ။
( စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာပါ ဆိုလိုချက်လောက်သာမှတ်မိတော့တယ်။ တိကျမှု မရှိက ကိုယ့် အမှားသာ။)
ကျယ်တာနဲ့  ပတ်သက်လို့ ကတော့ ကိုယ်ကိုယ်တိုင် တောသား ပီပီသသ ဖြစ်ခဲ့လေတော့ ကျယ် သလား မမေးနဲ့  ၊(အသံ ဗလံ)။ ကျယ်ကျယ်လေး ပြောရမှ အားရပါးရ ရှိလှတယ်။ နဂိုရ်က နဂိုရ် က ။ ခုတော့ တစစ နဲ့  ပြောင်းလဲပြီး လူအခြေနေကို ကြည့်ပြီးပြောတော့တာ။ တောအငွေ့ အသက်က တော့ ကုန်မည် မထင်။
ပြောစရာများစွာ ကျန်နေသေးသည်။ သည်းခံလို့ သာ စောင့်မျှော် အားပေး ဖတ်ရှုကြပါဦးနော်...
မြတ်ရောင်နီ
(၂၁၊၀၃၊၂၀၁၀)
မြတ်ရောင်နီ
(၂၁၊၀၃၊၂၀၁၀)
No comments:
Post a Comment