ရှူး...တိုးတိုး
အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု
အပိုင်း ( ဃ )
အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု
အပိုင်း ( ဃ )
ခုတော့ ပြန်စဉ်းစားခန်း ၀င်ရတယ်။သုံးသပ်ကြည့်တယ်။
စာအံကျယ်ကိုလည်း ပယ်ရမယ်တဲ့။ တောင်မြို့  မဟာဂန္ဓာရုံကျာင်းတိုက် အနေနဲ့ ပေါ့။ ရွှေကျင်စည်းကမ်း မဟုတ်ပါဘူး။ ဆရာတော်ကြီးရဲ့  စိတ်ကူးနဲ့  ဘုရားရှင်ရဲ့  အလိုတော်ကျ အခြား ဘာသာရေး ခေါင်းဆောင်တို့ အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု-စကားကို သဘောကျလို့  ချမှတ်ခဲ့လေ သလားပေါ့။
ရွှေကျင် စည်းကမ်း မဟုတ်တာဆိုတာ သေချာပါတယ်။ တောင်မြို့  မဟာဂန္ဓာရုံကျောင်တိုက် ကနေ ဗဟန်း မဟာဝိသုဒ္ဓါရုံ ( ရွှေကျင် ) ကျောင်းတိုက် မှာ ပထမကြီး တစ်နှစ်နဲ့  ဓမ္မာစရိယတန်း တစ်နှစ် (၂) နှစ် ဆက်တိုက် နေဘူးပါတယ်။ စာအံကျောင်းတက်ခဲ့ရတယ်။ တောင်မြို့ မှာ နေတုံးက တစ်သက်လုံး မတက်ခဲ့ရတဲ့ စာအံကျောင်း၊ ခုမှ တက်ရတော့ သမာဓိရအောင်တော်တော် လေး လုပ် ယူခဲ့ရတယ်။
တောင်မြို့ က ကိုယ့်သဘောနဲ့ ကို စာကို ကျက်လို့  ရတယ်။ စာအံကျောင်းလို့  သီးသန့် မရှိ ဘူး။ ကိုယ့်ဘ၀ကို ကိုယ်ဖန်တီးရတာ။ စာတတ်ဖို့ ကိုလည်း ဒသမ နေရာမှာသာ ထားတာပါ။ စာအံ ကျောင်း မတတ်ဘဲနဲ့  ဓမ္မာစရိယ အဘိဝံသ စာမေးပွဲ၊ အလင်္ကာရ စာမေးပွဲ အားလုံး ကျော်ဖြတ် သွားကြ တာပါ။
ခုတော့ မဟာဝိသုဒ္ဓါရုံကျောင်းမှာ အလေ့ အကျင့်လေး ရသွားတော့ အများနဲ့ ကျက်တတ် ၊ မှတ်တတ်သွားတယ်။ တစ်ခါ တစ်လေ မအော်ဘဲ စိတ်ထဲကနေ ကျက်တယ်။ မှတ်တယ်။ ဟေ့ ... ကြီးကြပ်တဲ့ ဆရာတော် လာပြီဟေ့ ဆိုရင် အများက အော်ကျက်တယ်။ ကိုယ်က မျက်စိပိတ်ထားပီး ဆရာတော် လာတာကို မသိချင်ယောင်ဆောင်ပြီး စာစိတ်နဲ့ ကျက်ယောင်ဆောင်လိုက်သေးတယ်။ (အဟဲ) ပေါ်ကုန်ပြီ။ အနီး ကြီးကြပ်လာမှ ဟိုအော် ဒီအော် ဟန်ဆောင်တော့ အသံပင်ပန်းတယ်လေ။ စိတ်ထဲကနေပြီး ဟန်ဆောင်တော့ လေမကုန်ဘူးပေါ့။
စာအံတာ စာကျက်တာနဲ့  ပါတ်သက်လို့  ဟိုးရှေးခတ်ကာလက ရှင်မဟာသီလ၀ံသ ဆုံးမစာမှာ-
မပြတ်အသံ၊ တညံညံသည်၊ စာအံ စာဖတ်၊ ကြပ်ကြပ်မြဲမြဲ၊ သည် လည်း ညသတ်၊ ပြတ်ပြတ် သားသား၊ စကားဆိုထွေ ပီလှစေ- တဲ့။ စာအံတာကို တညံညံ နဲ့ အော်ကျက်ဖို့  ကို ဇောင်းပေး ဆုံးမထားတာ တွေ့ ရတယ်။
မပြတ်အသံ၊ တညံညံသည်၊ စာအံ စာဖတ်၊ ကြပ်ကြပ်မြဲမြဲ၊ သည် လည်း ညသတ်၊ ပြတ်ပြတ် သားသား၊ စကားဆိုထွေ ပီလှစေ- တဲ့။ စာအံတာကို တညံညံ နဲ့ အော်ကျက်ဖို့  ကို ဇောင်းပေး ဆုံးမထားတာ တွေ့ ရတယ်။
ဒါပေမယ့် တိပိဋက( ယော ) ဆရာတော်တို့ ကတော့ အသံထွက် မကျက်ဘဲ တိပိဋကကို ဆုံးခန်း ရောက် အောင်မြင်တဲ့ အထိ ပြီးတယ် လို့  ကြားဘူးပါတယ်။ အသံထွက်လည်း တိုးတိုးလေး ထွက်ရုံ ဆိုရုံ လေးပါ။
သိသိသာသာ ကြွားခွင့်ပြုဦး၊ကိုယ်ကိုယ်တိုင်က မြန်မာနိုင်ငံမှာ ရခဲ့တဲ့ (၉)ဘွဲ့ နဲ့ သီရိလင်္ကာနိုင်ငံ ကေလနိယ( MA) ဘွဲ့ တွေကိုလည်း အော်ချင်စိတ်ပေါက် အော်ပြီး အောင်မြင်အောင် လုပ်ခဲ့တယ်။ သမာဓိ အတော်လေးရလာရင်၊ စာကြည့်ကောင်းလာပြီ ဆိုရင်တော့ လုံးဝ မအော်ဘူး။ စိတ်နဲ့ဘဲ မှတ် တယ်။ အဲဒီလို မှတ်ရတာလည်း အရသာတော်တော်တွေ့ ခဲ့ဘူးတယ်။
ကိုယ်က လည်း စာအံကျောင်းကို ကြီးကြပ်စောင့်ဘူးတယ်။ အော်မကျက်တဲ့သူ ကိုလည်း အပြစ်မမြင်ဘူး။ သူတို့ စာရပြီးတာပဲ။ ယော ဆရာတော်လို စိတ်နဲ့  မှတ်လည်း စာရတယ် ဆိုတာ နားလည် ထားလေတော့ ခွင့်လွတ်တတ်ပြီပေါ့။ တစ်ချို့  အော်မှကို စာရတာတဲ့။ ကဲ ရှိပါစေတော့။ စာရဖို့ သာ အဓိကပါဘဲ။
စာကျက်သံ နားထောင်ရတဲ့ စွမ်းအားကလည်း မသေးလှဘူး။ လင်းနို့ သား ငါးရာက လှိုဏ်ဂူ အတွင်း နေတဲ့ ရဟန်းတော်များ စာကျက်သံ ကြားရပြီး ခု.ဘုရားရှင် လက်ထက်မှာ အရှင်သာရိပုတ္တ ရာ တပည့် သံဃာ ငါးရာဖြစ်ရတယ် လည်း မှတ်ခဲ့ဘူးတယ်။
သီရိလင်္ကာနိုင်ငံ စိတ္တလ တောင်ရဲ့  အရှေ့ ဘက် မှာ ကိုရင်လေးရဲ့  အရုဏ၀တိယ သုတ္တန် စာကျက်သံကို ကြားပြီး မိလက္ခတိဿ မထေရ်ဟာ ပီတိ တဖွားဖွားဖြစ်ခဲ့ပါတယ်။ စာက သူ့ စိတ်ကို တွန်းအား ပေးပြီး ဆုံးမလိုက်တာနဲ့ ဈာန် မှသည် ရဟန္တာ ဖြစ်ကြောင်း မှတ်တမ်းတင်ထားပါတယ်။ (ဧကနိပါတ်၊ အဋ္ဌကထာ၊ နီဝရဏပ္ပဟာန၀ဂ္ဂ၀ဏ္ဏနာ )
စာသားက အာရမ္ဘထ နိက္ကမထ၊ ယုဉ္ဇထ ဗုဒ္ဓသာသနေ။ စတဲ့ ဗုဒ္ဓစကားတော်။သံယုတ်ပါဠိတော် မှာလာပါတယ်။ ဘုရားသာသနာမှာ စလုပ်ဖြစ်အောင်လုပ်လိုက်ကြ၊ အပျင်းရိကိုဖျက်၊ ဆက်ပြီး ကြိုးစား ဆုံးထိသွားကြ- စသဖြင့်ပေါ့။ အသံကို ကြားပြီး အဓိပ္ပါယ် သိသိ နဲ့  လိုက်နာခဲ့လို့  တကယ့် လိုရာဖြစ်သွားတာပါ။
မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်က အဖြစ်ပျက် တစ်ခုကတော့ အရှင်ဒေ၀ဒတ်ဟာ ဘုရားကိုသတ်ပြီး ဘုရားနေရာ ယူမယ်လို့  လှုပ်ရှားနေ ကြောင်း သတင်းတွေ ဟိုလေးတကြော် ဖြစ် နေတယ်။
အဲဒီ အခါမှာ တော်တဲ့ ရဟန်းတော်တွေက ဘုရားကို ကာကွယ်ဖို့  ဆိုပြီး မြတ်စွာဘုရား သီတင်း သုံး တော်မူတဲ့ ကျောင်းအနီးဝန်းကျင်မှာ ခေါက်တုံ့  ခေါက်ပြန် စင်္ကြံတွေလျှောက်ကာ ကျယ်ကျယ် လောင်လောင် စာတွေ ကျက်ကြ၊အံကြပြီး ကင်းစောင့်နေကြတယ်။
မြတ်စွာဘုရား ကြားတော်မူတာနဲ့ အာနန္ဒာ ဒီလောက် ကျယ်ကျယ်လောင်လောင် ဒီ အနီးနား လာပြီး ဘာလို့  စာအံ စာကျက်နေကြတာလဲ လို့  မေးတော်မူပါတယ်။ အရှင်အာနန္ဒာက အကြောင်းစုံ ပြောပြလျှောက်ထားပါတယ်။
ဘုရားရှင်က အေး... ဒီလို ဆို အဲဒီ ကိုယ်တော် တွေ ငါ့ စကားအနေနဲ့  သွားပြောချေ၊ လာခဲ့ကြလို့ ။ အဲဒီနောက် အရှင်အာန္ဒာ ခေါ်ပြီး ရောက်လာကြတဲ့ အခါ ဘုရားရှင်ကမိန့်တော်မူလိုက်ပါတယ်။
အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော၊
ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊
အနုပက္ကမေန ဘိက္ခဝေ တထာဂတံ ပရိနိဗ္ဗာယန္တိ။
အနုပက္ကမေန ဘိက္ခဝေ တထာဂတံ ပရိနိဗ္ဗာယန္တိ။
အဲဒီနောက် လောကမှာ ဆရာကြီး (၅)မျိုးရှိတယ်ဆိုတာ ရှင်းပြတော်မူတယ်။
ပြီးတော့မှ ကဲ ကဲ ကိုယ့်နေတဲ့ ကျောင်းကို ပြန်ကြ ပြန်ကြ။ ဘုရားရှင်ဆိုတာ စောင့်ရှောက်စရာ မလိုဘူးကွယ့်- တဲ့။( ၀ိနယ၊ စူဠ၀ဂ္ဂပါဠိ၊၃၅၄၊၅၊၆)
ဒီနေရာမှာ သုံးသပ်ကြပေါ့။ စာအံတာ မကျယ်ရဘူးလို့ လည်း ပြောတော် မမူပါဘူး။ ကျယ်လောင် တာကို တကူးတက မေးတော်မူတာ ဆိုတော့လည်း ကျယ်လောင်စွာ စာအံ တာကို သဘောမတူလို့ လေလား ကိုယ်ပိုင်ဉာဏ်တို့ နဲ့ စဉ်းစားကြပေါ့နော်။
ဘာပဲ ဖြစ်ဖြစ်ပေါ့ပေါ့လေ၊ ကိုယ်ပြောချင်သလောက် ပြောချင်တာတွေကို စုံအောင် ပြောပြီးသွားပြီ။ တစ်ရွာ တစ်ပုဒ်ဆန်း ၊တစ်ကျောင်း တစ်ဂါထာ၊ ဘုရားရှိခိုး အမျိုးမျိုး ရှိတာမို့ ...........။
အပိုင်း ( က ) အစပျိုး ပြောခဲ့တဲ့ စကားလေးများ ကို ပြန်လည်ကြားယောင်ကြည့်ပါ။
သုတ္တန်ထဲက သီလက္ခန္ဓ၀ဂ် ပေါဋ္ဌပါဒသုတ်မှာ ဘုရားရှင် ခပ်လှမ်းလှမ်းက ကြွရောက်လာတာ မြင်လို့  ပေါဋ္ဌပါဒ ပရိဗိုဇ်က - ရှုး တိုးတိုး ကိုယ့်လူတို့ ၊ အသံတွေ မကျယ်ကြနဲ့ ။ ရဟန်းဂေါတမ လာ နေ တယ်။ ရဟန်း ဂေါတမ တိုးတိုး တိတ်တိတ် နေတာသဘောကျတာ၊ တိုးတိုးတိတ်တိတ် နေတာကို အထူးတလည် ချီးမွမ်းပြောဆိုတာ။ တိတ်ဆိတ်တဲ့ ပရိသတ်ကိုပဲ တတ်သိနားလည်စွာ သွားရောက် သင့်တယ် လို့  မှတ်ယူထားတာ။ ဆရာကြီး ဖြစ်သူက တပည့်တွေကို အဲသလိုမျိုး ဆုံးမပါတယ်။ သုတ်ပါထေယျ၊ ဥဒုမ္ဗရ သုတ်မှာလည်း ဒီအတိုင်းပါဘဲ။
အဲဒီ လို ဆုံးမပြီးတဲ့နောက်မှာတော့-ဧ၀ံဝုတ္တေ တေ ပရိဗ္ဗာဇကာ တုဏှီ အဟေသုံ။
တပည့်ဖြစ်တဲ့ ပရိဗိုဇ်တွေ မလှုပ်မယှက် တိတ်ဆိတ်ညိမ်သက်ကာ ဆရာ့စကား မြေ၀ယ်မကျ နားထောင်ကြလေတော့တယ်။
တပည့်ဖြစ်တဲ့ ပရိဗိုဇ်တွေ မလှုပ်မယှက် တိတ်ဆိတ်ညိမ်သက်ကာ ဆရာ့စကား မြေ၀ယ်မကျ နားထောင်ကြလေတော့တယ်။
မှတ်ချက်။ ။သူငယ်ချင်းများနဲ့  ပြောကြဆိုကြရာမှ အတွေးလေးများတန်းစီပေါ်လာတာနဲ့ 
ရေးလိုက်တာပါ။ ဒီအကြောင်းရာနဲ့ ပါတ်သက်လို့ ပြောကြတဲ့ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်စွာ...
မြတ်ရောင်နီ
( ၂၃၊ ၀၃၊၂၀၁၀)
No comments:
Post a Comment