Pages

Monday, March 22, 2010

ရှူး တိုးတိုး အပိုင်း ( ဂ )

ရှူး...တိုးတိုး

အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု


အပိုင်း (ဂ)

ကိုယ့်အကျင့်ကို ထုတ်ပြောရမယ် ဆိုရင် ကျယ်ကျယ်လေး စကားပြောရုံ မဟုတ်သေး ဘူး။ အသံကျယ်ကျယ်နဲ့  စာကျက်ရ တာလည်း တစ်ခါတစ်ခါ တယ်... အရသာ တွေ့ သကိုး။ ကိုရင် ၀တ်ခါ စမှာ စာဖတ်တာကို ဘုန်းကြီး အသံ ပေါက်ချင်တာလေ၊ လောကီကျောင်းကလာတာ ဆိုတော့ ဘုန်းကြီးစာကို လူအသံနဲ့  ဖတ်တော့တာပေါ့၊ အဲဒီ အကျင့်ကြီးကို ပြောင်းချင်နေတာ။

ကိုယ့်စီနီယာ ကိုရင်တွေက အသံနေ အသံထားနဲ့ ၊ အသံနိမ့် အမြင့်လေးနဲ နားထောင်လို့ ကောင်းမှ ကောင်းပဲ။ စာကျက်ကျ စာအံတာ ကြည်နူးစရာပါ။ ကိုယ်က အဲဒီ အသံပေါက်အောင် တိုးတိုးလေး အသံကျင့်တယ်။ နှစ်တွေရလာမှ ကိုရင်စာကျက်သံ ဘုန်းကြီးလေသံ ပေါက်တော့တယ်။

ဘုန်းကြီးလေသံ ပေါက်သွားပြီ၊ အခြေပြု မူလတန်း၊ ပထမငယ်တန်းလည်း ရွာမှာပဲအောင်မြင် တယ်။ အဲဒီနောက်တော့ သင့်ရာအပ်ဖို့  ဆရာတို့ ဆိုတဲ့ အတိုင်း ကိုယ့်ရဲ့ ဆရာတော်က သူကိုယ်တိုင် တောင်မြို့ မှာ ဆရာတော်ရှိစဉ် နေခဲ့လေတော့ တောင်မြို့  ၊ မဟာဂန္ဓာရုံကျောင်းတိုက်သို့  ဆရာ ကိုယ်တိုင် အပ်နှံ လိုက်တာနဲ့ ရောက်သွားပါလေရော။

အဲဒီမှာ စတွေ့ တော့တာပဲ။ ရွာမှာ နေသလို မြို့ ရောက်တော့ လွတ်လွတ်လပ်လပ် မရှိလှ။
ရွာမှာ ကိုယ်ပြောချင်တာကို အားရပါးရ ပြောလို့ ကတော့ တိုးတိုး ပြောလို့  ဘယ်သူမှ ကိုယ့်လာ မပြောဘူး။ သူတို့ လည်း ကိုယ့်လိုဘဲကိုး။ တောသူတောင်သား အချင်းချင်း ဆိုတော့ ဒီလိုဘဲ ပြော နေကြ ဆိုနေကြ။ အေးဆေးပဲ။

စိတ် ဆိုတာက အီမိုရှင်း ဖြစ်လာရင် ထိန်းမရဘူးလေ။ ကိုယ်နဲ့ တန်းတူ ၊ တောင်မြို့ အတူစာသင်ဖို့ လာခဲ့ တဲ့ သူငယ်ချင်းနဲ့ နှစ်ပါးသား အီမိုရှင်း ကို မထိန်းနိုင်ကြတာပေါ့လေ။ တစ်နေ့ မ တော့ မန္တလေး က လေယာဉ် ပျံသန်းကာစ ခပ်နိမ့်နိမ့် မြင်လိုက်တော့ ပြိုင်တူအော် လိုက် တာပေါ့။ ဟာ....လေယာဉ် ပျံကြီး အကြီးကြီးဟေ့-လို့ ။

အခန်းအထဲမှာနေတဲ့ အုပ်ထိန်းသူ ဆရာက ဟေ့ကောင်တွေ တောသားတွေ၊ အော်ကြီး ဟစ်ကျယ် မလုပ်ရဘူး ဟဲ့ တဲ့။ (တကယ်တမ်း သူလည်း တောသားပဲ။ သူက မြို့  အရင် ရောက်နှင့်တော့ မြို့ အထာသိလို့  မအော်တာကိုများ။မသိတာကြနေတာပဲ။) ဆုံးမတာပဲ လို့  သဘောပေါက်ခဲ့ပါတယ်။

အဲဒီနောက် လေယာဉ်ပျံ မြင်လို့  အသံ ထွက်ပြီး မအော်တော့ ဘူး။ ကြည့်ရုံ ကြည့်ပြီး စိတ်ထဲလောက်သာ အော်နေတာ ဘယ်သူမှ မကြားဘူးပေါ့။ (ဟီးဟီး) ကိုယ့်အကြောင်းပြောပြီးမှ ရှက်လိုက်တာ။ အရှက်ပြေလေး ဗန်းမော်ဆရာတော်ရဲ့  သပိတ်ငှါး အုပ်မှပဲ မျက်နှာကို။

စာကျက်တော့လည်း ကိုယ်က ရွာက အကျင့် မပျောက်သေး။ ဘုန်းကြီးသံကို မရ ရအောင် မနဲကျင့်ထားရတာ။ အော်တဲ့ အကျင့် မပျောက်တာနဲ့  ကိုယ်က စာအော် ကျက်ပါတယ်။ ဓမ္မပဒ ဇာတ် လမ်းတွေ ဆိုရင် စကားပြောသလိုလို လုပ်ပြီး အော်ထည့်လိုက်တာ။

ကိုယ့်ကျောင်းဘေးမှ ဖြတ်သွားတဲ့ ကိုယ်တော်ဘုရားများက ကြည့်ကြည့်သွားတယ်။ ဘာမှတော့ မပြော။ သူတို့ ကြည့်တာ ကိစ္စမရှိဘူး။ တစ်နေ့ တော့ ကိုယ့်ရဲ့  အဆောင် အနုနာယက ဆရာတော်က ဟေ့ ဟေ့ အဲလောက် အော် မကျက်ရဘူး ကွယ့်- တဲ့။ တိုးတိုးလေး ကျက်လေ တဲ့။ မှန်ပါ့ ဘုရား လို့  လျှောက်ခဲ့တယ်။ ကိုယ်လည်းသဘောမပေါက်။ စာကျက်တာပဲ။ ဘာလို့  မအော်ရသလဲပေါ။့ စိတ်ထဲ မှာ တော့ တွေးနေတာပေါ့။

ဒီလို နဲ့  တစ်နေ့ သော မနက်ခင်း အရုဏ်ဆွမ်းစားပြီးချိန်-

တောင်မြို့  မဟာဂန္ဓာရုံကျောင်းတိုက်မှာ အရုဏ်ဆွမ်း ဘုဉ်းပြီးပြီ ဆိုတာနဲ့ ဘုရားဝတ်ပြု ရ တယ်။ စတင် တည်ထောင်မူတဲ့ ဆရာတော်ကြီးရဲ့  စည်းမျဉ်းပေါ့။ အစာမရှိခင် ဘုရား ၀တ်ပြုရင် လေနာ ထမယ် ဆိုပြီး သူ့ ရဲ့  အတွေ့ ကြုံရ ဆွမ်းစားပြီးမှ စီစဉ်ထားခဲ့တာပါ။ ဘုရားဝတ်ပြုပြီးတာနဲ့  နာယက ဆရာတော်များက သြ၀ါဒ ဆိုပြီး ပေးပါတယ်။ ဆရာတော်ကြီး လက်ထက်က စပြီး ပေးခဲ့တဲ့ နံနက်ခင်း သြ၀ါဒ အဆုံးမပေါ့။ စပ်ရာ စပ်ရာ ဆုံးမတာပါ။

ကျောင်းတိုက် စည်းမျဉ်း အကျဉ်း-
ဆောင်ပုဒ်- စိတ်-၀ိ- ကျန်းစေ၊ သန့် - ၀တ် နေ၊ ပြောလေ သွား စည်း စာ။ တဲ့

စည်းမျဉ်း အကျဉ်း -
ဤကျောင်းတိုက် ၌-

၁။ စိတ်ကောင်း ရှိဖို့ က ပထမ

၂။ဝိနည်း လေးစား ဖို့ က ဒုတိယ
၃။ကျန်းမာဖို့ က တတိယ
၎။သန့် ရှင်းဖို့ က စတုတ္ထ
၅။အ၀တ်အစားတတ်ဖို့ က ပဉ္စမ
၆။အနေအထိုင် တတ်ဖို့ က ဆဌမ
၇။အပြော အဆို တတ်ဖို့ က သတ္တမ
၈။အသွားအလာတတ်ဖို့ က အဌမ
၉။စည်းကမ်းလိုက်နာဖို့ က န၀မ
၁၀။စာတတ်ဖို့ က ဒသမ ။ တဲ့။

အဲလို သွန်သင်တဲ့ အထဲက ခုနှစ်ခုမြောက်ဖြစ်တဲ့ အပြောအဆို တတ်ဖို့ ကို ယခု လက်ရှိ မဟာနာယကချုပ် အဂ္ဂမဟာပဏ္ဍိတ ဖြစ်တော်မူတဲ့ ဆရာတော်က တို့  ရွှေကျင် ဆရာတော်ကြီးက ကျယ် (၅)ကျယ် ပယ်ရမယ် ပြောတယ်၊ မှတ်ထားကြ။

တို့ ကျောင်းတိုက် ဆရာတော်ကြီးကတော့ တစ်ကျယ်ထပ်တိုးတယ် စာအံကျယ်ကိုလည်း မလို လားဘူး - တဲ့။ စကားကိုလည်း နှစ်ကိုယ်ကြားလောက်ရုံ ပြောရမယ်။ ရယ်တဲ့ အခါလည်း ကျယ်ကျယ် လောင်လောင် မရယ်ရဘူး၊ သူတော်ကောင်းတို့ ဟာ ပြုံးရုံဘဲ ပြုံးတယ်၊ ခေါ်တဲ့ အခါလည်း လူတွေလို အော်ကြီး ဟစ်ကျယ် မခေါ်ရဘူး၊ လက်ယက်ပြီး ပြောရတယ်။ လက်ခုပ်တီးပြီးလည်း မခေါ်ရဘူး။ နှာချေတဲ့ အခါလည်း ဟက်ချီး ဆိုပြီး အကျယ်ကြီး မချေရဘူး၊ သန်းဝေရင်လည်း ၀ှါး ဆိုပြီး ကိုယ့် အပြင်းကို သူများကြားအောင် အကျယ်ကြီး မသန်းရဘူး။ ရှေ့ ကနေပြီး အဓိပ္ပါယ် ကို နားလည်အောင် ပြောပြီး လိုက်ဆိုခိုင်း ပါတယ်။ ကဲ ..လိုက်ဆို။

ဆောင်ပုဒ်-စကားပြောကျယ်၊ အရယ်ကျယ် နှင့်၊ ခေါ်ကျယ် ၊ ချေကျယ် ၊ အသန်းကျယ် ကျယ်ငါးပါးကို ပယ်ရမည်။ (ရွှေကျင်ဆရာတော်ကြီး) စာအံကျယ်ကိုလည်း ပယ်ရမည်။ (တောင်မြို့ ဆရာတော်)။

ပြီးတော့ သံဃာတွေကို မေးတယ်။ ရပြီးလား၊ ကဲ မရသေးရင် နောက်တစ်ခေါက်ဆို။ သုံး ခေါက် လောက် တိုင်ပေးပါတယ်။ ကိုယ့်ဝါသနာက စာလိုက်ရေးတတ်တဲ့ ၀ါသနာ ရှိတော့ သြ၀ါဒ မှတ်တမ်း ရေးပါ တယ်။ ဆိုလည်း လိုက်ဆိုတယ်။ရအောင်လည်း ကျက်ထားတယ်။ အသုံးလည်း ၀င်ပါတယ်။ ကိုယ်က ဆရာတစ်ပိုင်း ဖြစ်လာတော့လည်း ပြောပြစရာ အထူး ရှာစရာ မလိုဘူးပေါ့။

အော်... ဒါကြောင့် ကိုယ့်ကို အနုနာယက ဆရာတော်က စာတိုးတိုးကျက်ခိုင်းတာကိုး။ ခုမှ ပေါက် တော့တယ်။ ကျောင်းတိုက်က အဆင့်ဆင့် အုပ်ချုပ်တာဆိုတော့ အနီးကပ် ဆရာသမားက လေယာဉ် ပျံကြီး အကြီးလို့  မအော်ရဘူး ပြောလည်း နားထောင်လိုက်နာ ရ သလို၊ အဆောင် ဘုန်း ကြီး အနု နာယက စာတိုးတိုး ကျက်ပြောလည်း လိုက်နာရ ဆိုတော့ အစစ အရာရာသတိထား နေရ တော့ တာ ပေါ့။
ငယ်ရွယ်ချိန် အဲလိုလေး သွန်သင်မှုရခဲ့တာတော့ အတော်လေး တန်ဘိုး ရှိလေစွာ့။ စိတ်ထဲလည်းပိုစွဲမြဲစေခဲ့ တယ်။ ဟက်ထိတယ်ပေါ့နော။

အင်း ...ကိုယ့်အနေနဲ့  အကြွားကျယ်ကိုလည်း ပယ်ရမည် လို့  ထည့်လိုက်ချင်သေးတယ်။ တစ်ကျယ် တိုးသွားတာပေါ့လေ။ကိုယ်ဖာသာ သဘောတူရင် ထည့်လိုက်တာပေါ့နော။ ( မှတ်ချက်။ ။ကိုယ်ကိုယ် တိုင် စည်း မျဉ်း ချမှတ်တာဆိုတော့ ကိုယ်တိုင်ကြွားလို့ တော့ ဖြစ်လောက်တယ်နော်။) တောင်မြို့ က စည်းကမ်း မဟုတ်ဘူး။ မြတ်ရောင်နီ စည်းကမ်း ဟုမှတ်ကြလေကုန်။

နောက် ( ဃ ) အပိုင်းမှာ ကိုယ့်ရဲ့  အမြင်များနှင့် အတွေ့ ကြုံများ ရေးသားပါဦးမည်။
ဆက်လက်ကာ စောင့်မျှော် ဖတ်ရှုအားပေးကြပါလေဦး။

မြတ်ရောင်နီ
( ၂၂ ၊ ၀၃ ၊ ၂၀၁၀ )

No comments:

Post a Comment